ဦးအောင်နိုင်ဦးရှင့်။ ဒီတစ်ပတ်မှာတော့ COVID ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ စီးပွားရေး သက်ရောက်မှုများ ကုစားရေး လုပ်ငန်းကော်မတီက ဒီတစ်ပတ်အတွင်း ဘာတွေလုပ်ဆောင်ခဲ့သလဲ၊ ဘယ်လိုလုပ်ငန်းတွေ အကျိုးသက်ရောက်မှုရှိအောင် လုပ်ဆောင်လဲ ဆိုတာကို အရင်ဆုံး ရှင်းပြပေးပါရှင့်။ 

	ကျေးဇူးပါ မယမင်း။ ပထမမေးခွန်းနဲ့ပတ်သက်လို့ ကျွန်တော်တို့ ကော်မတီက ပြီးခဲ့တဲ့အပတ်ထဲမှာတော့ အစည်းအဝေး မကျင်းပနိုင်ခဲ့ဘူးပေါ့နော်။ ကော်မတီဝင်တွေက တခြားအစည်းအဝေးတွေနဲ့ Cabinet အစည်းအဝေးတွေ ရှိနေတဲ့အတွက်ကြောင့်၊ လုပ်ငန်းတာဝန်တွေ များပြားတဲ့အတွက်ကြောင့် ကော်မတီ အစည်းအဝေး ကျင်းပနိုင်ခြင်း မရှိခဲ့ပါဘူး။ သို့သော်လည်းပဲ ကော်မတီက ဆုံးဖြတ်ထားချက်တွေနဲ့ ဆက်စပ်ပြီးတော့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက ဆက်လက်ပြီး အကောင်အထည်ဖော်ပေးတာတွေ ရှိပါတယ်။ ဥပမာအားဖြင့်ဆိုရင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကလည်း ဘဏ်တိုးနှုန်း (၁.၅%) ဆက်လျှော့ချတဲ့ အမိန့်ကို ပြီးခဲ့တဲ့အပတ်ထဲ ဧပြီလ (၂၇) ရက်နေ့က ထုတ်ပြန်ပေးခဲ့ပါတယ်။ အလားတူပဲ အလုပ်သမားနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနကလည်း (၁၉) ရက်နေ့မှာ အလုပ်ရုံတွေ ပိတ်သိမ်းဖို့၊ စိစစ်ပြီးမှ ပြန်ဖွင့်ခွင့်ပြုဖို့ ညွှန်ကြားချက်ထွက်လာတော့ တချို့အလုပ်သမားတွေ အလုပ်လုပ်ဖို့ ရန်ကုန်ကို လာပြီးတော့မှ အလုပ်ဝင်လို့မရဖြစ်တာနဲ့ပတ်သက်လို့ ဧပြီလ (၂၀) ရက်နေ့ကနေစပြီးတော့ နောက်ပိုင်းကို စစ်ဆေးတဲ့လုပ်ငန်းတွေကြောင့် ယာယီအလုပ်ရပ်နားရတဲ့ လုပ်သားတွေအတွက် ထောက်ပံ့ငွေထဲကနေ (၄၀%) ကို လုပ်ခလစာ ထုတ်ပေးဖို့ ကြေညာလိုက်တာပေါ့နော်။ ဒါမျိုးလေးတွေ လုပ်ခဲ့တာရှိပါတယ်။ 
	အလားတူပဲ ကျွန်တော်တို့ ကော်မတီလုပ်ငန်းတွေနဲ့ ဆက်စပ်ပြီးတော့ အဓိကအားဖြင့် စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးဌာနက တာဝန်ယူပြီး ထုတ်ပြန်လိုက်တဲ့ COVID 19 Economic Relief Plan ရှိပါတယ်။ ဧပြီ (၂၇) ရက်နေ့မှာ ထုတ်ပြန်လိုက်တာပါ။ မြန်မာနိုင်ငံမှာ စီးပွားရေး သက်ရောက်မှုတွေနဲ့ ပတ်သက်ပြီးတော့ လျော့ပါးသက်သာရေးအတွက် လုပ်မယ်ဆိုတဲ့ plan တွေကို အသေးစိတ် ရေးဆွဲထုတ်ပြန်ပေးလိုက်တာပါ။ အဲဒီတော့ ဒီအခြေအနေလေးတွေကတော့ ပြီးခဲ့တဲ့ တစ်ပတ်တာအတွင်းမှာ COVID 19 ကြောင့် ဖြစ်ပေါ်လာတဲ့ စီးပွားရေး သက်ရောက်မှုများနဲ့ပတ်သက်ပြီး ပြန်လည်ကုစားဖို့အတွက်ကို သက်ဆိုင်ရာ ဝန်ကြီးဌာနများကနေ တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တဲ့ အခြေအနေတွေ ဖြစ်ပါတယ်။ 

	ဟုတ်ကဲ့ပါရှင့်။ ပြီးခဲ့တဲ့အပတ်က ဦးအောင်နိုင်ဦး ရှင်းပြတဲ့အထဲမှာ ပါတယ်ပေါ့နော်။ စီးပွားရေးလုပ်ငန်းတွေကို ကူညီဖို့အတွက် အစိုးရက မတည်ငွေ ကျပ် ဘီလီယံ (၁၀၀) ထဲမှာ လုပ်ငန်းတွေကို ချေးငွေတွေ ချပေးနေပြီ။ ပြီးခဲ့တဲ့အပတ်တွေမှာတော့ (၁၀%) လောက် ထုတ်ပေးပြီးပြီပေါ့။ အခု ဒီထုတ်ပြန်ချက်တွေအရ ကြည့်မယ်ဆိုရင် တစ်ပတ်ကို လုပ်ငန်းပေါင်း တစ်ရာကျော် စိစစ်ပြီး ချပေးနေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ တွက်ကြည့်တဲ့အခါမှာကျတော့ တစ်ပတ်ကို လုပ်ငန်းပေါင်း တစ်ရာနှုန်းနဲ့ဆိုရင် တစ်လကိုမှ လုပ်ငန်း (၄၀၀) ကျော်ပဲ ချပေးနိုင်မယ်။ လျှောက်ထားတာက (၃၈၀၀) ကျော်ဆိုတော့ ဒီ process ထဲ မရောက်ခင် နောက်မှာကျန်နေတဲ့ လုပ်ငန်းတွေက ဒီကာလအတွင်းမှာ ရပ်တည်ဖို့ မခက်နိုင်ဘူးလား။ 

	မှန်ပါတယ်ခင်ဗျ။ ကျွန်တော်တို့ ထုတ်ပြန်တဲ့အပိုင်းမှာပေါ့နော်။ အဓိကအကြောင်းရင်းက သင်္ကြန်ကာလ ခံသွားတဲ့အခါကျတော့ ဒီကြားမှာ junk ဖြစ်သွားတယ်ပေါ့နော်။ ပထမအသုတ်ကို ဧပြီလ (၉) ရက်နေ့မှာ ထုတ်ပေးတယ်။ နောက်တစ်သုတ်ကိုက သင်္ကြန်ပြီးမှ ထုတ်ပေးတယ်။ ဒီလိုဖြစ်သွားတဲ့အတွက်ကြောင့် သင်္ကြန်ကာလမှာ ကွက်လပ်ဖြစ်သွားတယ်ပေါ့။ အခုနောက်ပိုင်းတော့ တတိယအသုတ်ကို ဒီလာမဲ့အပတ်ထဲမှာ ထုတ်ပြန်ပေးဖို့ရှိတယ်။ တစ်ဆက်တည်းမှာပဲ ကျွန်တော်တို့ ဘာလုပ်နေလဲဆိုတော့ ပဏာမ စိစစ်တဲ့အဖွဲ့ကို အင်အားတိုးချဲ့ပြီးတော့ မြန်မြန်၊ များများ စစ်နိုင်အောင်ပေါ့နော်။ လက်ရှိသွားနေတဲ့ ပုံစံအတိုင်းဆို မယမင်းပြောသလို နှေးနေတယ်။ ဒါကြောင့်မို့ အပေါ်က ဥက္ကဌကလည်း ကျွန်တော်တို့ကို လမ်းညွှန်တာရှိတယ်။ မြန်မြန်စစ်ပြီးတော့ မြန်မြန်လေး ခွင့်ပြုပေးနိုင်အောင်လုပ်ပါဆိုပြီး လမ်းညွှန်တာရှိပါတယ်။ ဆိုတော့ လာမဲ့အပတ်ကစပြီး ပဏာမ စိစစ်တဲ့အဖွဲ့၊ အသေးစိတ် စိစစ်တဲ့အဖွဲ့တွေ လူအင်အား တိုးချဲ့ပြီးတော့မှ မြန်မြန်လေး စိစစ်ခွင့်ပြုပေးနိုင်အောင် လုပ်ပေးနေပါတယ်။ 

	ဟုတ်ကဲ့ပါရှင့်။ နောက်တစ်ခုက (၂၇) ရက်နေ့က ထွက်လာတဲ့ COVID 19 Economic Relief Plan ထဲမှာပါတဲ့ တစ်ချက်က နောက်ထပ် မတည်ငွေတွေ ထပ်တိုးလာမယ်ပေါ့နော်။ အဲဒီအခါကျတော့ လုပ်ငန်းတွေကလည်း ချေးငွေတွေအတွက် ထပ်လျှောက်လို့ရတယ်။ ဒါပေမဲ့ အဲဒီထဲမှာပါတဲ့ သတ်မှတ်ချက်တစ်ခုက မူလမတည်ထားတဲ့ ချေးငွေကို ထုတ်ယူထားခြင်းမရှိတဲ့ လုပ်ငန်းမျိုးတွေ ဖြစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်ပါတယ်။ ဆိုတော့ နောက်တိုးမတည်ငွေထဲမှာ လျှောက်ထားခွင့်ရှိတဲ့ လုပ်ငန်းတွေနဲ့ မူလလျှောက်ခွင့်ရှိတဲ့ လုပ်ငန်းတွေကြားထဲမှာ ချပေးတဲ့ ချေးငွေပမာဏတို့၊ စိစစ်မှုလုပ်ငန်း အခြေအနေတို့ ပြောင်းလဲတာမျိုးရှိမလား။ 

	ကျွန်တော်တို့ ထပ်ပြီးခွင့်ပြုမဲ့ဟာကတော့ အကြမ်းဖျင်းပြောရရင် အခုက ဘီလီယံ (၁၀၀) မတည်ထားတယ်။ လျှောက်လွှာပေါင်း (၃၈၀၀) ကျော်လောက် လက်ခံထားတယ်။ ဘီလီယံ (၁၀၀) နဲ့ လျှောက်လွှာပေါင်း (၃၈၀၀) ကျော်ကို စိစစ်ခွင့်ပြုပေးလို့ မလောက်ဘူး။ မလောက်တဲ့အတွက်ကြောင့် နောက်ထပ် ဘီလီယံ (၂၀၀) ကနေ (၅၀၀) အထိ ထပ်သုံးမယ်ဆိုပြီးတော့မှ အစိုးရက လျာထားပေးတာဖြစ်ပါတယ်။ ကျွန်တော်တို့ အခု ကျန်တဲ့လျှောက်လွှာတွေကို စိစစ်ခွင့်ပြုရင်းနဲ့ ဘယ်လောက်ထပ်လိုမလဲ၊ လိုတဲ့ပမာဏကို ထပ်ဖြည့်မယ်။ ဖြည့်ပြီးထပ်ထုတ်ပေးမယ်။ (၁) အချက်ပေါ့နော်။ (၂) အချက်ကတော့ ကျွန်တော်တို့ အခုထုတ်ပေးနေတာက ကဏ္ဍကြီး သုံးခုကို အဓိကထား ထုတ်ပေးတာပေါ့နော်။ ဥပမာအားဖြင့်ဆိုရင် CMP ပေါ့။ အထည်ချုပ်နဲ့ အထည်ချုပ်မဟုတ်တဲ့ CMP တွေကို ကျွန်တော်တို့က ကဏ္ဍတစ်ခု သတ်မှတ်တယ်။ ဟိုတယ်၊ ခရီးသွားလုပ်ငန်းကို ကဏ္ဍတစ်ခု၊ နောက် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေကို ကဏ္ဍတစ်ခုဆိုပြီး အဓိက ကဏ္ဍသုံးခု သတ်မှတ်ထားတာပေါ့။ နောက်ပိုင်းကျရင်တော့ ဒီကဏ္ဍတွေအပြင် တခြားကဏ္ဍတွေကိုပါ တိုးချဲ့ပြီးတော့ ချေးငွေထုတ်ပေးသွားနိုင်အောင် ဆက်လုပ်ပါမယ်။ လတ်တလောကတော့ ဒီကဏ္ဍသုံးခုမှာ ပေးထားတဲ့ ဘီလီယံ (၁၀၀) နဲ့ ကျွန်တော်တို့ ချေးငွေတွေ စထုတ်ပေးကြည့်မယ်။ မလောက်ရင် နိုင်ငံတော်ကနေ ထပ်တောင်းမယ်။ လောက်သွားပြီဆိုရင် ထပ်မံတိုးချဲ့ပြီး တခြားကဏ္ဍတွေကို ချေးငွေထုတ်ပေးနိုင်အောင် ကျွန်တော်တို့ကော်မတီအနေနဲ့ လိုအပ်သလို စဉ်းစားပြီးတော့ ဆက်လက်ဆောင်ရွက်ပေးသွားပါမယ်။ 

	ဟုတ်ကဲ့ပါရှင့်။ နောက်တစ်ခု ထပ်တိုးမေးချင်တာက လက်ရှိ အစိုးရက မတည်ပေးတဲ့ ချေးငွေတွေကို ထုတ်ချေးခွင့်ရှိသူတွေက အစိုးရဆီမှာ တရားဝင် မှတ်ပုံတင်ထားတဲ့လုပ်ငန်းတွေဖြစ်ရမယ်ပေါ့။ နှစ်စဉ် အခွန်ဆောင်တဲ့ စာရွက်စာတမ်းတွေ တင်ပြရမယ်။ ဒါပေမဲ့ စီးပွားရေး ထိခိုက်မှုကို ဆန်းစစ်လေ့လာနေတဲ့ သုတေသနအဖွဲ့တွေရဲ့ တွေ့ရှိချက်အရဆိုရင် မြန်မာနိုင်ငံမှာ တရားမဝင်တဲ့ စီးပွားရေးလုပ်ငန်းတွေလည်း အများကြီးရှိတယ်လေ။ တရားမဝင် စီးပွားရေးလုပ်ငန်းဆိုတာက အစိုးရဆီမှာ မှတ်ပုံမတင်ထားတဲ့လုပ်ငန်းတွေပေါ့။ ဒီလုပ်ငန်းတွေရဲ့ ထိခိုက်မှုပါ ပေါင်းလိုက်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ထိခိုက်မှုက တော်တော်ကြီးမားတယ်လို့ သိရပါတယ်။ ဆိုတော့ ဒီလို တရားမဝင်လုပ်ငန်းတွေအတွက်ကိုရော ထည့်သွင်းစဉ်းစားတာမျိုးရှိမလား ဆရာ။ 

	အဓိကအချက်ကတော့ သူက ချေးငွေဖြစ်တာပေါ့နော်။ ချေးငွေဖြစ်တဲ့အတွက်ကြောင့် တစ်ချိန်မှာ ပြန်ဆပ်ရမယ်။ ဒီငွေက နိုင်ငံတော်က ချထားပေးတဲ့ငွေတွေ။ နိုင်ငံတော် ဘဏ္ဍာငွေက ဆုံးရှုံးလို့မရဘူး။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က ချေးငွေထုတ်ပေးတဲ့အပိုင်းမှာ ကုမ္ပဏီအနေနဲ့ မှတ်ပုံတင်ထားတဲ့ လုပ်ငန်းတွေကိုချေးတယ်။ ကုမ္ပဏီမဟုတ်ဘဲ တခြားပေါ့နော်၊ ဥပမာ စားသောက်ဆိုင်ဆိုလည်း စည်ပင်သာယာမှာ မှတ်ပုံတင်တယ်၊ ကျန်တဲ့တချို့လုပ်ငန်းတွေဆိုရင်လည်း သက်ဆိုင်ရာ မြို့နယ်တွေ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေမှာ မှတ်ပုံတင်တယ်။ SME ဆိုရင်လည်း SME ဌာနမှာ မှတ်ပုံတင်တယ်။ စသဖြင့်ပေါ့။ အစိုးရဌာနတစ်ခုခုမှာ မှတ်ပုံတင်ထားတဲ့လုပ်ငန်းဆိုရင် ခိုင်မာမှုရှိတယ်လို့ ကျွန်တော်တို့က ယူဆပါတယ်။ ဘာကြောင့်လဲဆိုတော့ မှတ်ပုံတင်ပြီး တရားဝင်လုပ်နေတာဖြစ်တဲ့အတွက်ကြောင့် ချေးငွေပြန်လည်ပေးဆပ်နိုင်ဖို့အတွက်ကို သာမန်လုပ်ငန်းတွေနဲ့စာရင်တော့ ပိုခိုင်မာမှုရှိတယ်လို့ သုံးသပ်ပါတယ်။ ဒီလိုသုံးသပ်တာဖြစ်တဲ့အတွက်ကြောင့် နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေ ဆုံးရှုံးမှု မရှိအောင်ရယ်၊ တရားဝင် မှတ်ပုံတင်ထားတဲ့ လုပ်ငန်းတွေကို ဦးစားပေးခြင်းအားဖြင့် နိုင်ငံတော် ဘဏ္ဍာငွေ မဆုံးရှုံးစေရေးအတွက် အထောက်အပံ့ဖြစ်အောင်ရယ် ကျွန်တော်တို့က ဦးတည်ပါတယ်။ 
	နောက်တစ်ချက်ကလည်း ကျန်တဲ့လုပ်ငန်းတွေ၊ ဥပမာ တရားမဝင် မှတ်ပုံမတင် informal sector မှာ ရှိနေတဲ့ လုပ်ငန်းတွေပေါ့နော်။ ဒီလုပ်ငန်းတွေလည်း ချေးငွေရချင်တယ်ဆိုရင် အကယ်၍များ နောက်ထပ်အသုတ်တွေ ဘီလီယံ (၂၀၀)၊ (၃၀၀) ထပ်လုပ်တဲ့အခါမှာ ကျွန်တော် ခဏက ရှင်းပြသလိုပဲ တခြား sector တွေအတွက် စဉ်းစားပြီးတော့ ပေးသွားဖွယ်ရှိတယ်။ ဒါက တိုင်းပြည်အတွက် လိုအပ်ရင် လိုအပ်သလို စီစဉ်လုပ်ဆောင်သွားဖို့ ရှိတဲ့အတွက်ကြောင့်မို့လို့ အခုလက်ရှိ မှတ်ပုံတင်မထားတဲ့ လုပ်ငန်းတွေကလည်း သက်ဆိုင်ရာ ဌာနတွေမှာ မှတ်ပုံတင်ဖို့လိုပါတယ်။ ဥပမာအားဖြင့် ကုမ္ပဏီ မှတ်ပုံတင်မထားဘူးဆိုရင်လည်း ဘာမှမခက်ဘူး။ online သွားပြီးတော့ ကြိုက်တဲ့အချိန် တစ်ရက်ကို (၂၄) နာရီ၊ တစ်ပတ်လုံး ကြိုက်တဲ့အချိန်မှာ မှတ်ပုံတင်လို့ရတယ်။ ကုမ္ပဏီ မှတ်ပုံတင်ကြေးကလည်း တစ်သိန်းခွဲပဲ ရှိတယ်။ နောက် ဒါရိုက်တာတစ်ယောက်ထဲရှိရင်လည်း၊ ရှယ်ယာပိုင်ရှင် တစ်ယောက်ထဲနဲ့လည်း မှတ်ပုံတင်လို့ရတယ်။ ကုမ္ပဏီအနေနဲ့ မှတ်ပုံတင်တာက ဘာမှသိပ်ခက်တဲ့အလုပ် မဟုတ်ဘူး။ အလားတူပဲ ကျန်တဲ့လုပ်ငန်းတွေ စည်ပင်သာယာမှာ မှတ်ပုံတင်တာ၊ တခြားဝန်ကြီးဌာနမှာ မှတ်ပုံတင်တာ ကိုယ့်လုပ်ငန်းပေါ် မူတည်ပြီးတော့ မှတ်ပုံတင်တဲ့လုပ်ငန်းတွေကလည်း ခက်ခက်ခဲခဲလုပ်ရတဲ့ လုပ်ငန်းစဉ်တွေ မဟုတ်ပါဘူး။ ကုမ္ပဏီ မှတ်ပုံတင်တာကတော့ ကျွန်တော်က ဥပမာအနေနဲ့ ပြောပြတာ။ ဒါကြောင့်မို့ informal sector မှာရှိနေတဲ့ တခြားစီးပွားရေးလုပ်ငန်းတွေကလည်း အနာဂတ်မှာ နိုင်ငံတော်က ချေးငွေဆက်ထုတ်ပေးတဲ့အခါ ကိုယ်က ချေးငွေရရှိခံစားလိုတယ်ဆိုရင် တရားဝင်ဖြစ်အောင် မှတ်ပုံတင်ထားဖို့လိုတယ်။ ဒါဆိုရင် ကျွန်တော်တို့က ဘာမှစိတ်ပူစရာ မလိုတော့ဘူး။ ကျွန်တော်တို့လည်း စိတ်ပူစရာ မလိုဘူး။ မှတ်ပုံမတင်ထားသေးတဲ့ informal sector က လုပ်ငန်းတွေလည်း စိတ်ပူစရာ မလိုဘူး။ အားလုံးက win-win ဖြစ်သွားလိမ့်မယ်။ ဒါကြောင့်မို့ ကျွန်တော့်အနေနဲ့ အကြံပြုလိုပါတယ်။ မှတ်ပုံတင်တဲ့လုပ်ငန်းတွေက မခဲယဉ်းတဲ့အတွက်ကြောင့်မို့လို့ နောက်ပိုင်းမှာ ကိုယ်ပါ အကြုံးဝင်လာအောင် မှတ်ပုံတင်ကြဖို့ အကြံပြုလိုပါတယ်။ 

	ဟုတ်ကဲ့ပါရှင့်။ အရင်တစ်ပတ်က ဦးအောင်နိုင်ဦး ပြောကြားသွားတဲ့အထဲမှာ ပါတယ်။ COVID ကြောင့် ထိခိုက်သွားတဲ့ စီးပွားရေးလုပ်ငန်းတွေကို သိရှိနိုင်ဖို့ impact assessment စလုပ်နေပြီလို့ပြောတယ်။ အဲဒီလုပ်ငန်းလေးအကြောင်းလည်း ရှင်းပြပေးပါ။ ပြီးတော့ ဒီအစီရင်ခံစာက ဘယ်တော့ထွက်လာမယ်လို့ မှန်းထားပါလဲရှင့်။ 

	ဒီ impact assessment ကတော့ ကျွန်တော်တို့ကော်မတီကို အကူအညီပေးမယ်ဆိုပြီးတော့မှ Dana Facility ပေါ့နော်။ UK ရဲ့ DFID အောက်မှာရှိတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရကို ပညာပိုင်းဆိုင်ရာ အကူအညီပေးနေတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ သူက ကျွန်တော်တို့ COVID 19 ကြောင့် စီးပွားရေး သက်ရောက်မှုများကို ပြန်လည်ကုစားရေး ကော်မတီကို ဒီ impact assessment နဲ့ပတ်သက်လို့ ကူညီပေးနိုင်ပါတယ်ဆိုပြီး တင်ပြလာလို့ လုပ်ငန်းတွေ စတင်ဆောင်ရွက်နေပါတယ်။ အခုစလုပ်နေပြီပေါ့နော်။ ဇွန်လကုန်လောက် report ထွက်လာဖို့ ရှိပါတယ်။ အဲဒီကျရင် ကျွန်တော်တို့က ဘယ် sector မှာ ဘယ်လောက်ထိတယ်၊ ဘယ်လောက်ပြန်ကုစားဖို့လိုမယ်ဆိုတာတွေအတွက် ပိုပြီးတိကျခိုင်မာတဲ့ အစီရင်ခံစာတစ်ရပ် ဖော်ထုတ်ရရှိမှာ ဖြစ်ပါတယ်။ လက်ရှိတော့ လုပ်ငန်းတွေ စတင်ဆောင်ရွက်နေပါပြီ။ 

	ဟုတ်ကဲ့ရှင့်။ ဒီ CERP မှာ ပါလာတဲ့ တစ်ချက်က ရင်းနှီးမြှုပ်နှံမှုများကို အမြန်ဆွဲဆောင်ရန်ပေါ့နော်။ ဒါပေမဲ့ လတ်တလော မြန်မာနိုင်ငံရဲ့ အခြေအနေတွေအရဆိုရင် ပြည်ပက ရင်းနှီးမြှုပ်နှံမဲ့သူတွေရော၊ ပြည်တွင်းက ရင်းနှီးမြှုပ်နှံသူတွေရော နည်းနည်း ပြဿနာများတယ်ပေါ့နော်။ ဆိုတော့ ဝေဖန်တာတွေရှိနေတယ်။ လက်ရှိလုပ်ငန်းတွေတောင် ရပ်တန့်နေတဲ့ အနေအထားမှာ ပြည်တွင်းကရော၊ ပြည်ပကရော ရင်းနှီးမြှုပ်နှံမှု အသစ်တွေဖြစ်လာအောင် ဆွဲဆောင်ဖို့ဆိုတာက နည်းနည်းများ ခက်ခဲနေမလားရှင့်။ 

	မှန်ပါတယ်ခင်ဗျ။ လက်ရှိအနေအထားကတော့ သာမန်အချိန်နဲ့ မတူတဲ့အတွက်ကြောင့် ပြည်ပကလာပြီး အသစ်လုပ်မဲ့သူတွေကလည်း သူ့ဒုက္ခနဲ့သူ သူ့တိုင်းပြည်မှာ ရင်ဆိုင်နေရတာဖြစ်တဲ့အတွက် တခြားနိုင်ငံကိုထွက်ပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ဆိုတာက သိပ်ဦးစားပေးနိုင်တဲ့ အနေအထား မရှိသေးဘူးလို့ ကျွန်တော်တို့က သုံးသပ်တာပေါ့နော်။ သို့သော်လည်းပဲ ကျွန်တော်တို့တိုင်းပြည်အတွက်ကကျတော့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှာ ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုပေးပါဆိုပြီးတင်ထားတဲ့ လုပ်ငန်းတွေ ရှိပါတယ်။ အဲဒီလုပ်ငန်းတွေအားလုံးရဲ့ ပမာဏကို ပေါင်းလိုက်ရင် ဘီလီယံ ဒေါ်လာ (၂) ဘီလီယံ ကျော်ကျော်လောက် ရှိပါတယ်။ ဒါတွေက ကျွန်တော်တို့လက်ထဲမှာ proposal ရောက်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့က မြန်မြန်သွက်သွက် ခွင့်ပြုပေးလိုက်ရင် အစောကပြောတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ခွင့်ပြုပေးဖို့ဆိုတဲ့ ရည်မှန်းချက်တစ်ခု အကောင်အထည်ဖော်ပြီး ဖြစ်ပါမယ်။ 
	ဒုတိယအချက်ကတော့ ကျွန်တော်တို့ ဝန်ကြီးဌာနအသီးသီးမှာ လာရောက်ညှိနှိုင်းဆွေးနွေးနေတဲ့ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ပေါ့လေ။ အထူးသဖြင့် infrastructure နဲ့ လျှပ်စစ်ဓာတ်အားကဏ္ဍပေါ့။ အဲဒါတွေနဲ့ ဆက်စပ်ပြီးတော့ ဥပမာ သတ္တုနဲ့ပတ်သက်တဲ့ ကဏ္ဍတွေမှာရှိတယ်။ ဒီလိုကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှု လုပ်ပါရစေဆိုပြီးတော့ ဝန်ကြီးဌာနတွေနဲ့ ညှိနှိုင်းစီမံလုပ်ဆောင်နေတဲ့ စီမံကိန်းတွေ ရှိပါတယ်။ ဒါတွေကလည်း ရှေ့လျှောက်ဆက်သွားဖို့ အစီအစဉ်တွေ ရှိနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့လက်ထဲမှာရှိပြီးသား အဆိုပြုလွှာတွေရယ်၊ ဝန်ကြီးဌာနများနဲ့ ညှိနှိုင်းဆဲ လုပ်ငန်းတွေရယ်ကို မြန်မြန်ပြီးပြတ်အောင် လုပ်ပေးနိုင်မယ်ဆိုရင် CERP မှာ ဖော်ပြထားတဲ့အချက်ကို အကောင်အထည်ဖော်ပြီးဖြစ်မယ်လို့ မြင်ပါတယ်။ အသစ်တွေ ထပ်မျှော်မှန်းဖို့တော့ နည်းနည်းလေး ခက်ခဲကောင်းခက်ခဲပါလိမ့်မယ်။ သို့သော်လည်းပဲ ကိုယ်နဲ့လုပ်ငန်းတွေ စတင်ထားပြီးသားဖြစ်တဲ့ဟာတွေကို ဦးစားပေးလုပ်သွားမယ်ဆိုရင် မြန်မြန်သွက်သွက် ဖြစ်သွားမယ်လို့ မြင်တယ်။ 

	ဟုတ်ကဲ့ပါရှင့်။ နောက်တစ်ချက်က မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်းအများစုက ကုန်ထုတ်စွမ်းအားစုလုပ်ငန်းတွေ ဖြစ်နေတယ်။ အခုတော့ စက်ရုံတွေ လည်နေကြပြီ။ ကုန်ထုတ်လုပ်ငန်းတွေ စပြီးလုပ်လာပြီ။ ဒါပေမဲ့ ထွက်လာတဲ့ ပစ္စည်းတွေကို export ပို့ဖို့အတွက်ရော ဆရာတို့ လုပ်ငန်းကော်မတီအနေနဲ့ ဘယ်လိုညှိနှိုင်းထားတာမျိုး ရှိသလဲ။ အခုလတ်တလောက လမ်းကြောင်းတွေ အကုန်ပိတ်ထားတယ်ဆိုတော့လေ။ 

	မှန်ပါတယ်ခင်ဗျ။ ကျွန်တော်တို့ ဒီလုပ်ငန်းကော်မတီကို ပေးထားတာကိုက ကုန်သွယ်မှုနဲ့ ခရီးသွားလုပ်ငန်းတွေအတွက်ကို recovery ပြန်ဖြစ်ဖို့ ချက်ချင်းလုပ်ရမဲ့ အစီအစဉ်တွေကိုလုပ်ပါ၊ ပြီးရင် ရေတို၊ ရေရှည် လုပ်ရမဲ့ အစီအစဉ်ဆိုပြီးတော့ ချမှတ်ဆောင်ရွက်ဖို့ ပါပါတယ်။ တချို့ရေတိုလုပ်ရမဲ့ ကိစ္စလေးတွေကတော့ လုပ်ပြီးသွားပြီ၊ တချို့လည်း လုပ်နေဆဲပေါ့နော်။ တချို့ကိစ္စလေးတွေကတော့ နည်းနည်းအချိန်ကာလ ယူရမှာတွေရှိတယ်။ ဥပမာအားဖြင့်ဆိုရင် CMP Garment ပေါ့။ အထည်ချုပ်လိုဟာမျိုးဆိုရင် ကုန်ဝယ်တဲ့နိုင်ငံတွေ ကိုယ်တိုင်ကိုက ကုန်တွေမပို့ပါနဲ့ဦးဆိုပြီး စာချုပ်တွေ ရပ်ပစ်တာရှိတယ်။ ဆက်မထုတ်ပါနဲ့ဦးဆိုပြီး တောင်းဆိုမှုတွေရှိတယ်။ အဲဒီတော့ ဒီလိုဟာမျိုးတွေက ကျွန်တော်တို့အတွက် စိမ်ခေါ်မှုအနေနဲ့တော့ ရှိနေပါတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့က တခြားကဏ္ဍတွေမှာ မျှော်လင့်ချက်တွေ ရှိပါတယ်။ ဥပမာအားဖြင့်ဆိုရင် လယ်ယာထွက်ကုန် ဈေးကွက်အလားအလာတွေ ပိုကောင်းလာမယ်။ ဆန်တင်ပို့မှု၊ ပဲတင်ပို့မှု စသဖြင့်ပေါ့။ တခြားသီးနှံတွေရောပေါ့လေ။ ဒါတွေမှာ မျှော်လင့်ချက်တွေ ပိုအားကောင်းလာမယ်လို့ ကျွန်တော်ပြောလိုပါတယ်။ တစ်ဖက်ကလည်း ကျွန်တော်တို့ ဘာလုပ်ဖို့လိုလဲဆိုတော့ ပစ္စည်းတွေ ဈေးကွက်ရရှိရေးအတွက် သက်ဆိုင်ရာ ကုန်ဝယ်တဲ့နိုင်ငံနဲ့ ညှိနှိုင်းမှုတွေ ဒီထက်ပိုပြီး တိုးမြှင့်ဖို့ လိုအပ်ပါတယ်။ ဒါတွေကိုလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက တစ်ဆင့်ပြီးတစ်ဆင့် စီစဉ်ဆောင်ရွက်သွားဖို့ရှိပါတယ်။ နိုင်ငံတော်ဖက်ကလည်း ပို့ကုန်မြှင့်တင်ရေးနဲ့ပတ်သက်လို့ လိုအပ်တဲ့ ပံ့ပိုးမှုတွေကို ဆက်ပြီးဆောင်ရွက်ပေးသွားဖို့ရှိပါတယ်။ 

	ဟုတ်ကဲ့ပါရှင့်။ ဒီတစ်ပတ်အတွင်းမှာ အများပြည်သူ သိသင့်သိထိုက်တာလေးတွေ ကျန်ခဲ့သေးတယ်ဆိုရင်လည်း ဖြည့်စွက်ပြောပေးပါဦးရှင့်။ 

	မရှိပါဘူးခင်ဗျ။ ကျွန်တော်တို့ အဓိကပေးချင်တဲ့ message ကတော့ ချေးငွေထုတ်ပေးတဲ့ ကိစ္စတွေကို အခုထက်ပိုပြီးမြန်မြန်ပေးနိုင်အောင် အရှိန်တိုးမြှင့်ပြီး ဆက်လက်ဆောင်ရွက်ပေးနေပါတယ်။ တတိယအသုတ်ကိုလည်း လာမဲ့အပတ်ထဲမှာ ထုတ်ပေးနိုင်အောင် ကျွန်တော်တို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ ဒါကိုပဲ ကျွန်တော့်အနေနဲ့ ပြောပြလိုပါတယ်။ 

By admin