စက်တင်ဘာ ၂၈၊ ၂၀၂၀

ကိုဗစ်ကာလမှာ လူစုလူဝေးမဖြစ်စေဖို့ ဘုရားစေတီတွေကို ယာယီ ပိတ်ထားတာကြောင့် မန္တလေး (လက်ရွှေဆိုင်း)မျက်ပါး ရွှေဆိုင်း လုပ်ငန်း တွေအနေနဲ့ ၁၀ ရာခိုင်နှုန်းလောက်သာ ရောင်းအားရှိနေတယ်လို့ ရှင်သန်ဆဲ ဒြပ်မဲ့ မျက်ပါးရွှေဆိုင်းအသင်း ကသိရပါတယ်။
ဒီ ၁၀ရာနှုန်း လုပ်ကိုင်နေရတာဟာ အိမ်တွေမှာရှိတဲ့ ဘုရားဆင်းတုတွေနဲ့ ဓမ္မာရုံတွေမှာသုံးစွဲနေတဲ့ အပိုင်းတွေဖြစ်နေတယ်လို့သိရပါတယ။် အရင်က မြန်မာနိုင်ငံ့ ဘုရားစေတီတွေရဲ့ ၈၅ရာခိုင်နှုန်းက မျက်ပါးရွှေဆိုင်း တွေကိုအသုံးပြုနေကြပြီး ၁၅ရာနှုန်းလောက်ကတော့ စက်ရွှေဆိုင်းတွေကို အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။

“လက်ရှိရောင်းအားဆိုရင်ကျွန်တော်တို့ ၁၀%လောက်ပဲရှိတယ် အိမ်တွေမှာရှိတဲ့ဘုရားဆင်းတုတော်လေးတွေရုပ်ပွားတော်လေးတွေ နောက်တော့ ဓမ္မာရုံတွေထဲမှာရှိတဲ့ရုပ်ပွားတော်လေးတွေ ဘုန်းကြီးကျောင်းတွေမှာရှိတဲ့ရုပ်ပွားတော်တွေ လူစုလူဝေးမဖြစ်နိုင်မယ့်ရုပ်ပွားတော်တွေအတွက်ပေါ့လေ အဲ့လိုမျိုးတစ်နိုင်တပိုင်လေးတွေပဲလုပ်နေရတာဖြစ်တဲ့အတွက် ၁၀%လောက်ပဲ ကျွန်တော်တို့ထွက်နေတာဖြစ်တယ် အရင်ကတော့ကျွန်တော်တို့ ၈၅%လောက်က မျက်ပါးကထွက်နေတာဖြစ်တယ်။ “ လို့ ရှင်သန်ဆဲ ဒြပ်မဲ့ မျက်ပါးရွှေဆိုင်းအသင်း ဥက္ကဌ ဦးဇော်မင်းအောင်ကပြောပါတယ်။

လုပ်ငန်းမလည်ပတ်နိုင်တော့တဲ့အတွက် အစိုးရက ချေးငွေချထားပေးမယ်ဆိုရင်လည်း ထုတ်လုပ်တဲ့ ရွှေဆိုင်းတွေကို အသုံးပြုပေးမယ့် နေရာတွေ မရှိဖြစ်နေတာကြောင့် အခက်အခဲဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။
ချေးငွေ ချထားပေးမယ်ဆိုရင်လည်း စားဝတ်နေရေးစရိတ်တွေထဲကို အသုံးပြုသွားနိုင်ကြမှာဖြစ်ပြီး မန္တလေးတိုင်းအတွင်း ရွှေသင်္ကန်း ကပ်လှူရမယ့် ဘဏ္ဍာငွေတောင့်တင်းတဲ့ ဘုရားစေတီတွေမှာ အသုံးပြုပေးမယ်ဆိုရင် လုပ်ငန်းတွေ အနည်းငယ်အဆင်ပြေလာနိုင်တယ်လို့ဆိုပါတယ်။
“မဟုတ်ရင်ကျွန်တော်တို့ ဒီလုပ်ငန်းတွေက လုပ်စရာအလုပ် မရှိတော့သလို ထပ်ပြီးတော့ချေးငွေထုတ်ပေးနေရင်လည်း ချေးငွေ ကသုံးတဲ့စားတဲ့အထဲပဲ ပါသွားမှာဖြစ်တဲ့အတွက်ကြောင့် နိုင်ငံတော်အနေနဲ့ စေတနာနဲ့လုပ်ပေးပေမယ့်လည်း လုပ်ငန်းရှင်တွေအနေနဲ့ အကျိုးမရှိပဲနဲ့ အကြွေးတင်မှာ ပိုလာမှာပဲဖြစ်တယ်လေ။ နောက်တစ်ခုက ကျွန်တော်တို့အနေနဲ့ကတော့ လုပ်ငန်းတွေ ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားတာနဲ့အညီ ဆက်လက်ဆောင်ရွက်နိုင်ဖို့အတွက် ဒါ တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ဘုရားစေတီပုထိုးတွေကို ညှိနှိုင်းဆောင်ရွက်ပေးတာမျိုး အဲ့လိုမျိုးကျွန်တော်တို့က ဖြစ်ချင်တယ် နောက်ပြီးတော့ကျတော့ မန္တလေးတိုင်းဒေသကြီးအစိုးရအသိအမှတ်ပြု ရွှေဆိုင်းပညာရှင် တွေလို့ တိုင်းဒေသကြီးအစိုးရက ကျွန်တော်တို့ကို ဒါ ပြောထားတာဆိုတော့လေ ဒါနဲ့ပတ်သက်ပြီးတော့ မန္တလေးတိုင်ဒေသကြီးအတွင်းမှာရှိတဲ့ ဘုရားစေတီ ပုထိုးတွေကို ရွှေသင်္ကန်းကပ်လှူတာနဲ့ပတ်သက်လို့ တိုင်းဒေသကြီးအဖွဲ့ရဲ့ ညှိနှိုင်းမှုနဲ့ ဆောင်ရွက်ချင်တယ်ဆိုတာလေး ကျွန်တော်တို့က တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံကိုကျွန်တော်တို့ လိပ်မူပြီးတော့စာတင်မှာပါခင်မျ အခုဟာက ကျွန်တော်တို့ ဒါက မဟာအောင်မြေမြို့နယ်ထဲမှာ ပါနေတာဆိုတော့လေ စတေးဟုမ်းကာလဖြစ်နေတဲ့အတွက် အခက်အခဲလေးတွေတော့ရှိနေတာပေါ့လေ “ လို့ ဦးဇော်မင်းအောင် ကပြောပါတယ်။

ကိုဗစ်ကာလအတွင်းမှာ ရွှေဆိုင်းနဲ့ ပတ်သက်တဲ့ အလုပ်သမားတွေ ၊လုပ်ငန်းရှင်တွေပါ လုပ်ငန်းရပ်နားလိုက်ရတဲ့အတွက် ရွှေသင်္ကန်း အသစ်ပြန်လည် လှူဒါန်းရမယ့် ဘုရားတွေမှာ ရွှေဆိုင်းတွေဝယ်ယူပေးဖို့ အောက်တိုဘာ လဆန်းပိုင်းလောက်မှာ တင်ပြသွားမှာဖြစ်တယ်လို့သိရပါတယ်။
မျက်ပါးရွှေဆိုင်းဟာ မြန်မာနိုင်ငံမှာ မန္တလေးမြို့ မဟာအောင်မြေမြို့နယ် အတွင်းက မျက်ပါး ရပ်ကွက်အတွင်းမှာ တစ်နေရာတည်းသော လုပ်ကိုင်ကြတဲ့နေရာဖြစ်ပါတယ်။
“ ဘယ်လုပ်ငန်းတွေမှာပြောင်းလဲသွားတာလဲဆိုတော့ အလုပ်သမားတွေကတော့ မုန့်ပြားသလတ်လုပ်ရောင်းတာတို့ ဈေးရောင်းတာတို့တော့ဖြစ်ကုန်ကြတာပေါ့ လုပ်ငန်းရှင်တွေအနေနဲ့ ကတော့ တခြားလုပ်ငန်းအသစ်ဆိုတာက သူတို့လည်း ရဲရဲ ဝံ့ဝံ့ကြီးပြောင်းလဲသွားတာတော့မရှိပါဘူး ဘာလို့လဲဆိုတော့ တခြားလုပ်ငန်းတစ်ခုခုပြောင်းဖို့ဆိုတာကလည်းမလွယ်ဘူးလေ ရှိတဲ့ဟာလေးနဲ့ပဲ ချေးငှါးပြီးတော့စားသောက်နေရတဲ့ သဘောပေါ့ အလုပ်သမားတွေအနေနဲ့ကတော့ဈေးရောင်းတာတို့ တခြား မုန့်ရောင်းတာတွေတော့ရှိကုန်ကြတာပေါ့ အဓိက ကျွန်တော်တို့ပြသနာက ထွက်လာတဲ့ရွှေဆိုင်းကိုသုံးပေးမယ့် ဘုရားပေါ့ အခု မဟာမုနိလိုဘုရားမျိုးက ရွှေဆိုင်း ထားလိုက်ရွှေသင်္ကန်းကပ်တဲ့ဘုရားဖူးမရှိလို့ ကျွန်တော်တို့ အိမ်တော်ရာ ဘုရားတို့လိုမျိုး မန္တလေးတောင် တော်ဘုရားတို့လိုမျိုးကျတော့ လုံးတော်ပြည့် လိုဘုရားတို့လိုမျိုးကျတော့ သူတို့ကကပ်လည်းကပ်တော့မှာ ရန်ပုံငွေကလည်းရှိပြီးသားဆိုတော့ သူတို့အနေနဲ့ကျွန်တော်တို့ဆီကရွှေဆိုင်းလေး ဝယ်လိုက်တယ် ဆိုရင်တော့ကျွန်တော်တို့တော်တော်လေး အသက်ရှုချောင်သွားမယ် “ လို့ အောင်သရဖူ မျက်ပါး ရွှေဆိုင်းလုပ်ငန်းရှင် ဦးမောင်စုကပြောပါတယ်။

မန္တလေး (လက်ရွှေဆိုင်း)မျက်ပါးရပ်မှာရှိတဲ့ ရွှေဆိုင်းလုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရေးနဲ့ အခက်အခဲတွေကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကို ရှေ့လဆန်းလောက်မှာ တင်ပြသွားမယ်လို့ သိရပါတယ်။
အခုလို အကူအညီတောင်းခံစာကို ကိုဗစ်ကာလဖြစ်နေတဲ့အတွက် စာတိုက်ကနေတစ်ဆင့် ပေးပို့သွားမယ်လို့သိရပါတယ်။

By admin