
ကော့သောင်း၊ ဧပြီ (၃၀)
ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ရောဂါ ကူးစက် ဖြစ်ပွားမှု နှုန်း မြင့်မား နေသည့် ကိုရိုနာ ဗိုင်းရပ်စ် (COVID-19) ရောဂါ ကာကွယ် ထိန်းချုပ် စစ်ဆေးရေး အတွက် မြန်ဆန်စွာ ကိုယ်ခန္ဓာ အပူချိန် တိုင်းတာသည့် နည်းပညာမြှင့် Thermal Hybrid Network Bullet Camera စနစ်အား ကော့သောင်းမြို့ ရေဆိပ် မြို့မတံတားတွင် စတင် တပ်ဆင် အသုံးပြုနေကြောင်း သိရသည်။
ကော့သောင်းမြို့ သည်၊ အဓီကအားဖြင့် ထိုင်းနိုင်ငံ ရနောင်းမြို့နဲ့ ထိစပ်နေသည့် နယ်စပ်ဂိတ် တစ်ခု ဖြစ်ကာ ပြည်တော်ပြန် မြန်မာ အလုပ်သမားများ နေ့စဉ် ရာနဲ့ချီ၍ ဝင်ရောက်လာမှု ရှိနေခြင်းကြောင့် အလှူရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် ကိုယ်ခန္ဓာ အပူချိန် တိုင်းတာသည့် နည်းပညာမြှင့် Thermal Hybrid Network Bullet Camera စနစ်ကို တပ်ဆင်းခြင်း ဖြစ်သည်ဟု သိရသည်။
ကော့သောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းက“မြို့မ တံတား စစ်ဆေးရေးဂိတ်က နယ်စပ် လူဝင်/ လူထွက်များတယ်၊ အရင် တာမိုမီတာလေးနဲ့ စစ်ဆေးနေတော့ အချိန်ကြာတယ်၊ အခု ဒီစက်ကြီးနဲ့ စစ်ဆေးလိုက်တော့ အရမ်း အဆင်ပြေသွားတယ်”ဟု ပြောသည်။
ထိုအပြင် လက်နက် ခဲယမ်း၊ မူးယစ်ဆေးဝါး (တားမြစ်ဆေးဝါးများ)၊ တရားမဝင် သစ်၊ သစ်ထွက် ပစ္စည်းများနှင့် ရေအောက် သယံဇာတများ အပါ အဝင် လုံခြုံရေး ချိုးပေါက်မှုများ မရှိစေရေး အတွက် ရဲတပ်ဖွဲ့ဝင် များအား မြို့မတံတား၌ X- Ray စက်များလည်း ထားရှိကာ အဆောက် အဦတွင် နေ့စဉ် နေ့/ ည မပြတ် လုံခြုံရေး တာဝန်ချထား စစ်ဆေး နေကြောင်း သိရသည်။