မေ ၅၊ ၂၀၂၀
အိန္ဒိယနိုင်ငံ အတွင်း အလုပ်လုပ်ရန် အတွက်သော်လည်ကောင်း ကျောင်းတက်ရန် အတွက် သော်လည်ကောင်း အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေပြီး မြန်မာနိုင်ငံ သို့ မြန်မာ-အိန္ဒိယ ရိခေါ်ဒါရ် နယ်စပ် မှ ပြန်လာလိုသည့် သူများကို လက်ခံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ချင်းပြည်နယ် လူဝင်မှုကြီးကြပ်ရေး နှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီးဌာန ဝန်ကြီး ဦးဖွေအာ က ပြောသည်။
ဝန်ကြီး က “နိုင်ငံသားပဲ ဖြစ်ဖြစ် တခြား နိုင်ငံ သားပဲ ခံယူယူ ပြည်တွင်း ကို ပြန်လာမယ် ဆိုရင် လက်ခံပေးမယ်။လုပ်ထုံးလုပ်နည်း နဲ့ အညီ တော့ ဆောင်ရွက်ပြီးတော့ လုပ်ပေးရမှာပေါ့”ဟု ပြောသည်။
မြန်မာနိုင်ငံသားများသည် အိန္ဒိယ နိုင်ငံသို့ အသက်မွေးဝမ်းကျောင်း ပြုရန် ဖြစ်စေ ၊ပညာဆည်းပူရန် ဖြစ်စေ ၊လူမှုရေး ကိစ္စ ဆောင်ရွက်ရန် ဖြစ်စေ တရားဝင်နည်းဖြင့် သော်လည်ကောင်း တရားမဝင် နည်းဖြင့်သော်လည်ကောင်း သွားရောက်ကြပြီး COVID-19ကြောင့် မြန်မာနိုင်ငံသို့ ပြန်လာရန် အခက်အခဲ များစွာ ကြုံတွေ့နေရကြောင်း ယခုအခါ အိန္ဒိယနိုင်ငံရှိ မြန်မာနိုင်ငံသားများသည် မီဇိုရမ်ပြည်နယ် မှ တဆင့် မြန်မာနိုင်ငံသို့ ပြန်လာချင် ကြရာ ၊မီဇိုရမ်ပြည်နယ်အစိုးရမှလည်း မြန်မာနိုင်ငံ နယ်စပ်ဂိတ် အထိ ကူညီပို့ဆောင်ရန် အဆင်သင့်ရှိကြောင်း ယင်းအတွက်ကြောင့် နယ်စပ်ဂိတ်မှ ပြန်လာလိုသည့် သူများကို လက်ခံကြိုဆိုနိုင်ရေး အတွက် လိုအပ်သော ကူညီထောက်ပံ့မှုများပြုလုပ်ပေးရန် ချင်းပြည်နယ် အစိုးရ အဖွဲ့အား အလေးအနက် တိုက်တွန်းကြောင်း ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က မေလ ၂ ရက်နေ့ တွင် ပြည်နယ်အစိုးရအဖွဲ့ကို တိုက်တွန်းခဲ့သည်။
“သူတို့က လော့ဒေါင်း ကြီးကြီး ဆိုတော့ စားစရာလဲ မရှိတော့ဘူး။ပြန်လာချင်တယ်ဆိုတော့ မီဇိုရမ် အစိုးရကို သူတို့ အကူအညီတောင်းတယ်။မီဇိုရမ် အစိုးရကလည်း နယ်စပ်ထိတော့ ပို့လို့ရမယ် ချင်းပြည်နယ် ရောက်ရင်တော့ ပြည်နယ်အစိုးရဖက်က နေ မရှိရင် ဒီအတိုင်း ပို့လိုက်ရင် နယ်စပ်မှာ သောင်တင်ကုန်မှာကို လူသားချင်း စာနာထောက်ထားမှု အရ မလုပ်ချင်ဘူး။အဲ့ဒါကြောင့် ချင်းပြည်နယ် အစိုးရ အဖွဲ့အနေနဲ့ ဆောင်ရွက်ပေးဖို့ တိုက်တွန်းထားတာ”ဟု ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ပူးနိုးထန်ကပ် က ပြောသည်။
မီဇိုရမ်ပြည်နယ် သည် ချင်းပြည်နယ် နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပြီး မီဇိုရမ်ပြည်နယ်သို့ သွားရောက် အလုပ်လုပ်ကိုင်နေသည့် ချင်းပြည်နယ် မှ ချင်းတိုင်းရင်းသားများနှင့် မြန်မာလူမျိုးများ ရှိသည်။အဆိုပါ ပြည်နယ်သို့ သွားရောက်လိုပါက ချင်းပြည်နယ်ရိခေါ်ဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယ နယ်စပ်မှ သွားရောက်ကြခြင်း ဖြစ်ပြီး ယခုအခါ အဆိုပါ နယ်စပ်ကို မြန်မာနိုင်ငံဖက်ခြမ်း တွင် မြန်မာအစိုးရ မှ ပိတ်ထားပြီး အိန္ဒိယနိုင်ငံဖက်ခြမ်းတွင် အိန္ဒိယ အစိုးရမှ ပိတ်ထားသည့် အတွက် မီဇိုရမ်ပြည်နယ် မှ ပြန်လာလိုသူများ အခက်တွေ့နေကြခြင်း ဖြစ်သည်။
ငြိမ်းသူမင်း

By admin