မြန်မာ-အိန္ဒိယ နယ်စပ် တံတား

မေ ၈၊ ၂၀၂၀
စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ် အတွင်းရှိ မြန်မာ-အိန္ဒိယ နယ်စပ် ဂိတ် ကို မေလ ကုန်အထိ ပိတ်ထားမည်ဖြစ်ကြောင်း တမူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စာလှယ် ဦးနိုင်နိုင်ဝင်း က ထံမှ စုံစမ်း သိရသည်။
မြန်မာ-အိန္ဒိယ နယ်စပ်ဂိတ် များအနက် နှစ်နိုင်ငံ နယ်စပ် အကြီးဆုံး ကုန်သွယ်မှု ပြုနေသည့် တမူး-မိုးရေး နယ်စပ်ဂိတ် ကို မြန်မာနိုင်ငံ အစိုးရ မှ COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် မေလ ကုန်အထိ ပိတ်ထားရန် သက်ဆိုင်ရာခရိုင် မြို့နယ် မှ တာဝန်ရှိသူများထံ မေလ ပထမပတ်အတွင်းက အကြောင်းကြားခဲ့ပြီး ဖြစ်သည်။မြန်မာနိုင်ငံဖက်ခြမ်း မှ နယ်စပ်ဂိတ် ကို ဧပြီလ ၁၄ ရက်နေ့ က စတင် ပိတ်ထားခဲ့ပြီး အိန္ဒိယနိုင်ငံ ဖက်ကမှု မတ်လ ၉ ရက်နေ့မှ စတင် ပိတ်ထားခဲ့ခြင်းဖြစ်သည်။ယင်းသို့ အိန္ဒိယဖက် မှ စတင် ပိတ်ခဲ့ပြီးနောက် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ရပ်တန့်သွားခဲ့ပြီး နယ်စပ် ဈေးဖြစ်သည့် နန်းဖာလုံဈေးကိုလည်း ပိတ်ထားခဲ့သည်မှာ နှစ်လ နီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
“သူတို့ဖက်က ပိတ်တာနဲ့ကျွန်တော်တို့ ဖက်ကလည်း ပိတ်သွားတာပဲ။နယ်စပ် ဆိုတော့လေ။ဒီနေ့အထိ ဆိုရင် နှစ်လ လောက်ရှိသွားပြီ။မေလ ကုန်အထိ ဆိုရင် သုံးလ လောက် ဖြစ်သွားမယ်။အဲ့တော့ ဒီဒေသမှာ နယ်စပ် ကို မီခို ပြီးမှ လုပ်ကိုင် စားသောက်ရတဲ့ လူတွေ ရဲ့ စီးပွားရေးကိုလည်း တစ်ချက် ပြန်ကြည့်ရမယ်။အဲ့တော့ ရောဂါပေါ် မူတည်ပြီးမှ အိန္ဒိယဖက်က ဖွင့်လာခဲ့မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ရောဂါထိန်းချုပ် မှု အပေါ် မူတည်ပြိးတော့မှ ဖွင့်နိုင်အောင် အခြေအနေကြည့်ပြီး ဒေသဆိုင်ရာ အာဏာပိုင်တွေ နဲ့ညှိနှိုင်းပြီး တိုင်းအစိုးရထံ တင်ပြမယ်လို့ စီစဉ်ထားတယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စာလှယ် ဦးနိုင်နိုင်ဝင်း က ပြောသည်။
အဆိုပါ နယ်စပ် ဂိတ် ကို အိန္ဒိယနိုင်ငံဖက် မှ မတ်လ ၉ ပတ်မှ စတင် ပိတ်ထားခဲ့ပြီး နောက် မေလ ၁၇ ရက်နေ့တွင်ပြန်လည် ဖွင့်လှစ်ရန် စီစဉ်နေပြီဖြစ်ပြီး မိုးရေးမြို့တွင်လည်း မြို့နယ် အတွင်း သွားလာခွင့်ကို အိန္ဒိယနိုင်ငံဖက်ခြမ်း က ခွင့်ပြုထားပြီးဖြစ်သည်။အဆိုပါ နယ်စပ် ဂိတ် ပိတ်ထားပြီးနောက် ဈေးဆိုင်ပေါင်း တစ်ထောင်ကျော် ရှိသည့် နယ်စပ် နန်းဖာလုံဈေး ပိတ်ထားခဲ့ရပြီး နယ်စပ်ကုန်သွယ်မှု ရပ်ဆိုင်း သွားသည်မှာ နှစ်လ ခန့် ကြာမြင့်ခဲ့ပြီဖြစ်သည်။ယင်းသို့ နယ်စပ် ကုန်သွယ်ရေး ရပ်တန့်သွားပြီးနောက် အိန္ဒိယနိုင်ငံထုတ် ပစ္စည်းများဖြစ်သည့် ကွမ်းပေါင်း၊ရာဂျာ၊ခိုင်သီး စသည့် စားသောက်ကုန်များ အပါအဝင် ချည်ထည် များ ဈေးကွက် အတွင်းပစ္စည်းပြတ်လပ်ခြင်း ဈေးနှုန်းကြီးမြင့်တို့ ဖြစ်ပေါ်နေပြီး အိန္ဒိယ သို့ တင်ပို့မည် နယ်စပ်တွင် ရောက်နေသည့် ကွမ်းသီးများမှာလည်း ပျက်စီးမှု များနှင့် ရင်ဆိုင်နေရသည်။
ငြိမ်းသူမင်း

By admin