မေ ၁၃၊ ၂၀၂၀
ချင်းပြည်နယ် ဟားခါးမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေး
စောင့်ရှောက်မှု ခံယူလျက်ရှိသော ကိုရိုနာဗိုင်းရပ်စ် ပိုး
ကူးစက်ခံထားရသည့် လူနာအမှတ် (၁၅၀) မှာ နှစ်ကြိမ် ဆက်တိုက်
ပိုးမရှိကြောင်း စစ်ဆေးတွေ့ရှိသဖြင့် ယနေ့တွင် ဆေးရုံမှ
ဆင်းမည်ဖြစ်ကြောင်း ချင်းပြည်နယ် လူမှုရေးဝန်ကြီးဌာန ဝန်ကြီး
ဦးပေါင်လွန်းမင့်ထန် က ပြောသည်။

“သူ့ကို ဆေးရုံကနေ ဆင်းခွင့် ပြုပြီးတော့ အိမ်မှာ ၁၄ ရက်
ပြန်နားခိုင်းမယ်။Negative သမားတွေ ကတော့ အဲ့လိုပဲ နေအိမ်ခြေချုပ်
ဆက်ထားတယ်။ဒီပိုးကလည်း Negative ဖြစ်ပြီးသားလဲ Positive ပြန်ဖြစ်တတ်တာလဲ
ရှိတတ်တော့ သူ့ကို အပြင်မှာ ရောရောနှောနှော မနေဘဲနဲ့
အိမ်အတွင်းမှာနေထိုင်ပြီး အဲ့ဒီအချိန်မှာ ဘာမှ မဖြစ်တော့ဘူး ဆိုရင်တော့
လုံး၀ ကောင်းသွားပြီ”ဟု ဝန်ကြီး ဦးပေါင်လွန်းမင့်ထန် က ပြောသည်။

လူနာအမှတ် ၁၅၀ ဟာ ဆိုရင် တရုတ်နိုင်ငံ မှာ သွားရောက် အလုပ်လုပ်ကိုင်နေသူ
ဖြစ်ပြီး မတ်လ ၂၀ ရက်နေ့ က ရှမ်းပြည်နယ် မူဆယ်မြို့ မှ ရွှေမန်းမန္တလာ
ကားဖြင့် မန္တလေးမြို့သို့ လိုက်လာခဲ့ပြီး မန္တလေးမြို့ မှ တဆင့်
ရွှေမန်းမန္တလာ ကားလိုင်းဖြင့် ကလေးမြို့သို့
ရောက်ရှိလာခဲ့သည်။ကလေးမြို့ကို ရောက်ရှိစဉ် ၎င်း၏ သူငယ်ချင်း ဖြစ်သူ
နေအိမ်တွင် နေထိုင်ခဲ့ပြီး ဧပြီလ ၅ ရက်နေ့တွင် ကလေးမြို့ မှ ဟားခါးမြို့
သို့ တောင်ဇလပ်ခရီးသည်တင် ကားဖြင့်
လိုက်ပါသွားခဲ့သည်။ဟားခါးမြို့ရောက်ရှိပြီး ၎င်း၏ မိဘတွေ နေထိုင်သည့်
သီးဖူးလ်ကျေးရွာကို ရောက်ရှိချိန်တွင် ကျေးရွှာအုပ်ချုပ်ရေးမှူး
အကြောင်းကြားသဖြင့် ဟားခါးမြို့ ရှိ န.တ.လ ကျောင်းတွင် Facility
Quarantine ထားရှိပြီး ဓါတ်ခွဲနမူနာ ပေးပို့ခဲ့ရာမှာတော့ ဧပြီလ ၂၉ ရက်နေ့
တွင် ပိုး ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။
မတ်လ ၂၄ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့အထိ ချင်းပြည်နယ် တွင်
ကိုရိုနာဗိုင်းရပ်စ် ပိုး ကူးစက်ခံထားရသည့် လူနာ စာရင်းများအရ လူနာ ၆
ဦးရှိသည့် အနက် တီးတိန်မြို့မှ လူနာတစ်ဦး မှာ နှစ်ကြိမ် ဆက်
ပိုးမရှိကြောင်း စစ်ဆေးတွေ့ရှိသဖြင့် ဆေးရုံမှ ဆင်းသွားပြီ ဖြစ်ပြီး
ဒုတိယမြောက် အဖြစ် ဟားခါးမြို့မှ လူနာတွင် ပိုးမရှိကြောင်း
နှစ်ကြိမ်ဆက်တိုက် စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ငြိမ်းသူမင်း

By admin