မေ ၈၊ ၂၀၂၀
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့၌ မေ ၇ ရက် ညပိုင်းက မူးယစ်ဆေးဝါးသတင်းအရ ခရီးသည်တင်မှန်လုံယာဉ်တစ်စီးကို ရှာဖွေရာ ဘိန်းမည်းများ သိမ်းဆည်းရမိခဲ့ကြောင်း ရွှေဘိုမြို့မရဲစခန်းမှူး ဒုတိယရဲမှူး သိန်းဆန်းဦး ထံမှ သိရသည်။
မေ ၇ ရက် ည ၁၁ နာရီခွဲခန့်က ရွှေဘိုမြို့မရဲစခန်းမှ နယ်ထိန်းအရာရှိ ရဲအုပ်ပြည့်ဖြိုးသူ ခေါင်းဆောင်သော နယ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ စစ်ဘက်ရေးရာလုံခြုံရေးတပ်၊ အမှတ် (၁) တပ်စု (ရွှေဘို)မှ တပ်ဖွဲ့ဝင်များ၊ ခရိုင်မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ ရဲတပ်ဖွဲ့ဝင်များနှင့် သက်သေများပါဝင်သော ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ ရွှေဘိုမြို့နယ်၊ မြောင်းကြီးကျေးရွာထိပ်၊ ရွှေဘို - မြစ်ကြီးနားကားလမ်းဘေးတွင် စောင့်ဆိုင်းနေစဉ် ရွှေဘိုဘက်မှ မြစ်ကြီးနားဘက်သို့ မောင်းနှင်လာသော ခရီးသည်တင်မှန်လုံယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာ ခုံအမှတ် ( A1 ) နေရာမှာ စီးနင်းလိုက်ပါလာသူ ရွာသစ်ကုန်းကျေးရွာ၊ လွှစင်အုပ်စု ရမည်းသင်းမြို့နယ်နေ သိန်းထက် ( ၂၂ နှစ်) ၏ဘေး၌ အဝါရောင်ပုံးအတွင်း အနက်ရောင်ကြွပ်ကြွပ်အိတ်ဖြင့် ထည့်ထားသော ဘိန်းမည်း (၆၀) ကျပ်သားခန့်စီပါ အထုပ် (၄)ထုပ်နှင့် ပလပ်စတစ်ခြင်းအတွင်း အဝါရောင်တိပ်ဖြင့်ပတ်ထားသော ဘိန်းမည်း (၆၀) ကျပ်သားခန့်စီပါ အထုပ် (၃) ထုပ်၊ စုစုပေါင်း (၄) ပိသာ (၂၀ ) ကျပ်သားခန့် ( ၆၈၅၉ ဂရမ်ခန့်)နှင့် ငွေစက္ကူရောရာ ၁၃၀၀၀၀ ကျပ်၊ ရွှေရောင်လက်ကိုင်ဖုန်း (၁) လုံး၊ တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဘိန်းမည်းများနှင့်လက်ဝယ်တွေ့ရှိရသူ သိန်းထက် (၂၂ နှစ်) ကို ရွှေဘိုမြို့မရဲစခန်းက မယ (ပ) ၇ / ၂၀၂၀၊ မူး /စိတ်ပုဒ်မ ၁၉ (က) / ၂၀ (က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
မိုးသောက် (ရွှေဘို)