ရွှေဘို ဧပြီ ၂၈၊ ၂၀၂၀

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့တွင် ကိုဗစ်- ၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဧပြီ ၁၈ ရက်က အမိန့်အမှတ် (၆ /၂၀၂၀) ဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများအား နေအိမ်ပြင်ပသို့ ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့်ထုတ်ပြန်ထားရာ လိုက်နာခြင်းမရှိသူ ခြောက်ဦးအား ဧပြီ ၂၈ ရက်တွင် မြို့နယ်တရားရုံးက ထောင်ဒဏ် သုံးလစီကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

ဧပြီ ၂၇ ရက် ည ၁၁ နာရီ ၁၅ မိနစ်က ရွှေဘိုမြို့မရဲစခန်းမှူး ဒုတိယရဲမှူး သိန်းဆန်းဦး ပါဝင်သော ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရွှေဘိုခရိုင်လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လှည့်ကင်းတာဝန်ထမ်းဆောင်နေစဉ် ရွှေဘိုမြို့၊ အမှတ် (၂ ) ရပ်ကွက်၊ ရွှေနိုင်ငံလမ်းကြား၌ အမှတ်(၆) ရပ်ကွက်၊ ရွှေဘိုမြို့နေသူများဖြစ်သည့် ဝင်းထက်ကျော် (၂၂ နှစ်)၊ ဇင်ကိုဦး (၂၉ နှစ် ) တို့အားလည်းကောင်း၊ ည ၁၁ နာရီခွဲခန့်က ရွှေဘိုမြို့၊ ရန်ကြီးအောင်ပန်းခြံရှေ့တွင် ထနောင်းကိုင်းကြီးကျေးရွာ၊ ခင်ဦးမြို့နယ်နေသူများဖြစ်သည့် မိုးအောင် ( ၂၄နှစ် )၊ မျိုးချစ်သူ (၂၂ နှစ်)၊ ဇင်မျိုးနိုင် (၂၂ နှစ်)၊ တို့အားလည်းကောင်း၊ ည ၁၁ နာရီခွဲခန့်က ရွှေဘိုမြို့၊ အမှတ် (၁၀) ရပ်ကွက်၊ သံလမ်းဆုံအနီးတွင် ကျော်ရဲအောင် ( ၂၈ နှစ်)၊ အမှတ် (၁၀) ရပ်ကွက်၊ ရွှေဘိုမြို့နေသူ တို့ခြောက်ဦးအား ခိုင်လုံသောအကြောင်းအရာတစ်စုံတစ်ရာ ဖြေဆိုနိုင်ခြင်းမရှိဘဲ အကြောင်းမဲ့သွားလာနေသဖြင့် ရွှေဘိုမြို့မရဲစခန်းတွင် ယာယီထိန်းသိမ်းခဲ့ကြောင်း သိရသည်။

ညမထွက်ရအမိန့် လိုက်နာခြင်းမရှိသူခြောက်ဦးအား ဧပြီ ၂၈ ရက်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရာဇသတ်ကြီးပုဒ်မ -၁၈၈ ဖြင့် မြို့နယ်တရားရုံးသို့ ဦးတိုက်လျောက်ထားတရားစွဲဆိုခဲ့ရာ မြို့နယ်တရားရုံးက ဝင်းထက်ကျော် အပါအဝင် ခြောက်ဦးအား ညမထွက်ရ အမိန့်ထုတ်ပြန်ချက်အပေါ် လိုက်ခြင်းမရှိသည့်အတွက် ထောင်ဒဏ်သုံးလစီ ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။

မိုးသောက် (ရွှေဘို)

By admin