ရွှေဘို မေ ၉၊ ၂၀၂၀
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် ဘုန်းဘွဲ့ကျေးရွာ၌ မေ ၉ ရက် နံနက်ပိုင်းက မီးဖိုမီးကြွင်းမီးကျန်မှတဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ်နှစ်လုံးမီးလောင်ခဲ့ပြီး၊ လူတစ်ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမြင့် ထံမှ သိရသည်။

 ရွှေဘိုမြို့နယ် ဘုန်းဘွဲ့ကျေးရွာ၌ မီးလောင်မှုဖြစ်ပွားရခြင်းမှာ အိမ်ရှင် ဦးအောင်မြင့်ကျော် ( ၂၇ နှစ်) ၏ နေအိမ်မီးဖိုမီးကြွင်းမီးကျန်မှတဆင့် အနီးရှိထရံသို့ မီးကူးစက်ကာ မီးလောင်မှုစတင်ဖြစ်ပွားခဲ့ပြီး၊ ဦးကျော်ဌေး၏ နေအိမ်သို့ထပ်မံကူးစက်ကာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်

ဖြစ်စဉ်မှာ မေ ၉ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်က ရွှေဘိုမြို့နယ်၊ ဘုန်းဘွဲ့ကျေးရွာ၌ မီးလောင်နေကြောင်း သတင်းအရ ရွှေဘိုခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမြင့် ဦးဆောင်၍ မီးငြှိမ်းသတ်ယာဉ်သုံးစီး၊ ရေသယ်ယာဉ်နှစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ( ၂၁ ) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ( ၁၅ ) ဦး၊ ရဲတပ်ဖွဲ့ဝင် ( ၁၉ ) ဦး၊ ခရိုင်လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် ( ၁၀ ) ဦး၊ ကြက်ခြေနီ (၁၀ ) ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်း (၅) ဦး ကျေးရွာနေပြည်သူ (၁၀၀) ဦးတို့ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

မီးလောင်မှုကြောင့် အိမ်ရှင် ဦးအောင်မြင့်ကျော်၏ သွပ်မိုး၊ ထရံကာ၊ မြေစိုက် လူနေအိမ်တစ်လုံးနှင့် ဦးကျော်ဌေး၏ သွပ်မိုး၊ ထရံကာ၊ အုတ်ခုံ လူနေအိမ်တစ်လုံး၊ စုစုပေါင်း လူနေအိမ်နှစ်လုံးနှင့်  ထော်လာဂျီခေါင်းပိုင်း၊ ဂျာလင်းဆိုင်ကယ်နှစ်စီး၊ အပ်ချုပ်စက်နှစ်လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး၊ ငွေကျပ် ( ၁၄၀၆၀၀၀ )၊ (ကျပ်တစ်ဆယ့်လေးသိန်း ခြောက်ထောင်) ခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။မီးစတင်လောင်ကျွမ်းမှုဖြစ်ပေါ်ခဲ့သော အိမ်ရှင် ဦးအောင်မြင့်ကျော် (၂၇ နှစ်) သည် မီးလောင်စဉ် အိပ်ပျော်နေသဖြင့်မီးလောင်သေဆုံးခဲ့ပြီး၊ မီးလောင်မှုကိုငြှိမ်းသတ်စဉ် ရွှေဘိုခရိုင်မီးသတ်ဦးစီးမှူးရုံးမှ တပ်သားအောင်ကျော်ကျော်မှာ မီးသတ်ယာဉ်ပေါ်မှပြုတ်ကျ၍ ဘယ်ဘက်ပခုံးညှပ်ရိုးကျိုးသဖြင့် ရွှေဘိုပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။

 ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ဦးအောင်မြင့်ကျော် (၂၇ နှစ်) (သေဆုံး) အား ရွှေဘိုမြို့မရဲစခန်းက (ပ) ၂၈၈ / ၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ / ၃၀၄ - က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

  မိုးသောက်(ရွှေဘို)

By admin