မေ ၉၊ ၂၀၂၀
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ထုတ်ပြန်ထားသည့် ညမထွက်ရ အမိန့်ကို
ဖောက်ဖျက်သည့်အတွက် အရေးယူခဲ့ရသည့် ဦးရေ ၁၁၉ အထိ ရှိလာပြီ ဖြစ်ကြောင်း
စစ်ကိုင်းတိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေး နှင့် အရေးပေါ်
တုန့်ပြန်ရေးကော်မတီ မှ စုံစမ်း သိရသည်။
ည ၁၀ နာရီ မှ နံနက် ၄ နာရီ အကြား ညမထွက်ရ အမိန့်ကို ၁၄၄ ကို
စစ်ကိုင်းတိုင်း အတွင်း ဧပြီလ ၁၇ ရက်နေ့မှ စတင် ကြေညာခဲ့သည်။ယင်းသို့
ကြေညာခဲ့ပြီး ဧပြီလ ၂၇ ရက်နေ့ မှ စတင် မေလ ၈ ရက်နေ့ ညနေအထိ
ဖမ်းဆီးထောင်ချခဲ့ရမှု အနေဖြင့် ဝက်လက်မြို့တွင် ၆ ဦး၊ဒီပဲယင်းမြို့တွင်
၉ ဦး၊ချောင်းဦးမြို့တွင် ၁၆ ဦး ၊မုံရွာမြို့တွင် ၁၂ ဦး
၊ဖောင်းပြင်မြို့တွင် ၄ ဦးကလေးမြို့တွင် ၄၉ ဦး၊ရွှေဘိုမြို့တွင် ၁၇
ဦး၊ခင်ဦးမြို့တွင် ၄ ဦး၊မော်လိုက်မြို့တွင် ၁ ဦး နှင့်
ယင်းမာပင်မြို့တွင် ၁ ဦး စုစုပေါင်း ၁၁၉ ဦး ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၈၈
ဖြင့် ထောင်ဒဏ် ၃ လ ကျခံစေရန် အမိန့် ချမှတ်ခဲ့ခြင်း ဖြစ်သည်။
“ညမထွက် ရ အမိန့် ကို ဖောက်ဖျက်လို့ ဒီလို အပြစ် ပေးလိုက်တယ် ဆိုတဲ့
အခါကျတော့ အလားတူ ကျူးလွန်ချင်တဲ့ သူတွေက ဒီလို လုပ်ရင် ဒီလို ကျတယ်
ဆိုတာ သိသွားတဲ့ အခါကျရင် အပြစ် ပေးရတာတွေ မရှိတော့ဘူး။လူတွေ အများကြီး
ကို အရေးမယူချင်လို့ ထောင်ဒဏ် ပေးရတာ။ဒါမှ မဟုတ်ပဲ ဆို ဆုံးမ
လွှတ်လိုက်တယ် ဆိုရင် ဒါကို အတုယူ အတတ်သင် ပြီးတော့ ထွက်ကြတယ် ဆိုရင်
တစ်ယောက် က အစ တစ်ရာဖြစ်မှာ စိုးလို့ တစ်ယောက် ကို အရေးယူလိုက်တဲ့အတွက်
နောက်ထပ် ကိုးဆယ့်ကိုးယောက် ပြစ်မှု မကျူးလွန်အောင် ဒီရည်ရွယ်ချက်တွေ နဲ့
လုပ်တာပါ” ဟု စစ်ကိုင်းတိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေး နှင့်
အရေးပေါ် တုန့်ပြန်ရေးကော်မတီ ပြန်ကြားရေး၊သတင်းထုတ်ပြန်ရေး
လုပ်ငန်းကော်မတီ မှ စစ်ကိုင်းတိုင်းဒေသကြီး တိုင်းဥပဒေချုပ် ဦးခင်မောင်လှ
မှ ပြောသည်။
အမိန့်တစ်စုံတစ်ရာ မရှိဘဲ လုံခြုံရေးအရ တာဝန်ရှိသူများမှ အပ သွားလာခြင်း
မပြုရန် ၊လမ်းမကြီးများ အများပြည်သူသွားရာလမ်း ၊လမ်းသွယ်၊လမ်းကြား
အများပြည်သူနှင့် ဆိုင်သော အဆောက်အဦးနေရာ များတွင် ဆူပူလှုံဆော်လိုသော
ရည်ရွယ်ချက်ဖြင့် စုဝေးခြင်း ၊စီတန်းလှည့်လည်ခြင်း ၊လူ ၅ ဦး သို့မဟုတ် ၅
ဦး ထက် ပို၍ ဖြစ်စေ စုဝေးခြင်း ၊စီတန်းလှည့်လည်ခြင်း
၊အော်ဟစ်ကြွေးကြော်ခြင်း၊လှုံဆော်ခြင်း၊ရုန်းရင်းဆန်ခတ်ခြင်း မပြုရန်
ဧပြီလ ၁၇ ရက်နေ့ မှ စတင် တားမြစ်ခဲ့ခြင်းဖြစ်သည်။အဆိုပါ ထုတ်ပြန်ချက်
အမိန့်ကို မလိုက်နာ ပါက ဒေသန္တရ အမိန့် အဖြစ် လည်ကောင်း
ကူးစက်ရောဂါကာကွယ်ရေး ဥပဒေဖြင့် လည်ကောင်း အရေးယူမည်ဖြစ်ကြောင်း
ထုတ်ပြန်ထားပြီးနောက် အဆိုပါ အမိန့်ကို ဖောက်ဖျက်သည့် သူများကို ဖမ်းဆီး
ထောင်ချ ခြင်းများ ပြုလုပ်နေခြင်း ဖြစ်သည်။
ယင်းဥပဒေကို ဖောက်ဖျက်ပါက အရေးယူသည့် ပုဒ်မ ၁၈၈ သည် ပထမပိုင်း
ဒုတိယပိုင်း ဟူ၍ ရှိပြီး အပိုင်း(၁) အရ အနည်းဆုံး ထောင်ဒဏ် (၁) လ
ချမှတ်နိုင်ပြီး အပိုင်း(၂) အရ အများဆုံး ထောင်ဒဏ် ၆ လအထိ
ချမှတ်နိုင်ပြီး ယခုကျူးလွန် ကြသည့် ပြစ်မှုသည် အပိုင်း(၂) ဖြင့်
အကျုံးဝင်ခြင်းကြောင့် ထောင်ဒဏ် (၆)လအထိ ချမှတ်နိုင်သော်လည်း
တရားသူကြီးများ ၏ ဆင်ခြင်တုံ တရားအရ ထောင်ဒဏ် ၃ လအထိသာ
ချမှတ်ကြခြင်းဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးတိုင်းဥပဒေချုပ်
ဦးခင်းမောင်လှ က ပြောသည်။
ငြိမ်းသူမင်း