ချင်းတွင်းမြစ် အထက်ပိုင်းဒေသထွက် ငါးကြပ်တင်ခြောက်ယခုနှစ် တန်ချိန် ၃၀ သာ အိန္ဒိယသို့တင်ပို့နိုင်
မေ ၄၊ ၂၀၂၀
စစ်ကိုင်းတိုင်းဒေသကြီး ချင်းတွင်းမြစ် အထက်ပိုင်း
ဟုမ္မလင်းမြို့နယ်မှ ထွက်ရှိသည့် ငါးကြပ်တင်ခြောက် များကို တမူးနယ်စပ်မှ
တဆင့် အိန္ဒိယနိုင်ငံသို့ တင်ပို့နေတာဖြစ်ပါသည်။
ယခုနှစ်တွင် တန်ချိန် ၃၀ သာ တင်ပို့နိုင်ကြောင်း တမူးမြို့ ရှိ
ငါးကြပ်တင်ခြောက် ရောင်းချသည့် ရွှေငါးညီနောင်ကုမ္ပဏီ ဒါရိုက်တာ
ဦးမြင့်ဦး က ပြောသည်။
ဟုမ္မလင်းမြို့နယ် ရှိ အင်းများမှ ထွက်ရှိသည့်
ငါးလူး၊ငါးလဲ၊ငါးဗျက်၊ငါးဖတ်၊ငါးဖန့် ကဲ့သို့သော ငါးများကို ဝါးဖြင့်
ယက်လုပ်သည့် စကာများတွင် ထည့်ကာ ထင်းမီး ၏ မီးခိုးဖြင့် မြိုက်ပြီး နောက်
နေပူလှန်းကာ ထွက်ရှိလာသည့် ငါးကြပ်တင်ခြောက် များကို မြန်မာ-အိန္ဒိယ
နယ်စပ် တမူးမြို့သို့ တင်ပို့ကြခြင်းဖြစ်သည်။အဆိုပါ ငါးများကို တမူးမြို့
နန်းဖာလုံဈေးမှ တဆင့် အိန္ဒိယနိုင်ငံမှ လာရောက် ဝယ်ယူကြခြင်းဖြစ်ပြီး
နှစ်စဉ် အိန္ဒိယ သို့ ရောင်းချရသည့် မှတ်တမ်းအရ ၂၀၁၆ ခုနှစ် တွင် တန် ၁၀၀
၊၂၀၁၇ ခုနှစ်တွင် တန် ၅၀ ၊၂၀၁၈ ခုနှစ်တွင် တန် ၄၀ နှင့် ၂၀၁၉ ခုနှစ်
သြဂုတ်လမှ ၂၀၂၀ ခုနှစ် ဧပြီလ အထိ တန် ၃၀ သာ တင်ပို့နိုင်ကြောင်း
ရွှေငါးညီနောင် ကုမ္ပဏီ မှ တမူးနန်းဖာလုံဈေး ငါးကြပ်တင်ခြောက်
ရောင်းဝယ်သူအားလုံး၏ အိန္ဒိယသို့ တင်ပို့ ရသည့် ငါးကြပ်ခြောက်
တင်ပို့ထားသည့် စာရင်းအရ သိရသည်။
“ငါးကြပ်တင်ခြောက် က သြဂုတ် ကနေ ဧပြီလ အထိ တင်ပို့ရတယ်။ဟိုတုန်းကတော့ တန်
အများကြီး ပို့ရတယ်။အခု ကျတော့ ရာသီဥတုဖောက်ပြန်တာရော ဘာရော ဆိုတော့
အင်းတွေ မှာက ငါးသိပ်မထွက်ဘူး”ဟု ဒါရိုကတာဦးမြင့်ဦး က ပြောသည်။
ချင်းတွင်းမြစ်ရေ နည်းခြင်း ၊ ချောင်း မြောင်း အင်းအိုင်များ
တိမ်ကောလာခြင်းကြောင့် ဟုမ္မလင်းမြို့နယ် အတွင်း လေလံဆွဲရသည့် အင်းပေါင်း
၁၃ အင်း မှ ငါးထွက်ရှိမှုနှုန်းတစ်နှစ်ထက် တစ်နှစ်နည်းပါလာပြီး
ငါးကြပ်တင်ခြောက် ထုတ်လုပ်ရရှိမှု နည်းပါးလာခြင်း ဖြစ်သည် ဟု
အင်းသူကြီးများက ပြောသည်။ငါးကြပ်တင်ခြောက် ထွက်ရှိမှုနှုန်း
လျော့နည်းလာသော်လည်း ငါးကြပ်တင်ခြောက် ရှားပါးလာခြင်းကြောင့်
ငါးကြပ်တင်ခြောက်ဈေးသည် ယခင်နှစ်များကထက် တစ်ပိသာလျင် ငွေကျပ် ၃ ထောင်မှ
၅ ထောင် အထိ တိုးမြှင့်ရရှိခဲ့ပြီး ငါးလူးကြပ်တင်ခြောက်
ဈေးနှုန်းအနေဖြင့် ယခင်နှစ်က တစ်ပိသာ ခြောက်ထောင် အထိ ဈေးပေါက်ခဲ့ရာမှ
ယခုနှစ်တွင် ငါးလူးကြပ်တင်ခြောက် တစ်ပိသာ တစ်သောင်းတစ်ထောင် အထိ
ရောင်းချနေရကြောင်း အင်းသူကြီး ထံမှ စုံစမ်း သိရသည်။
“ငါးထွက်ရှိမှုနှုန်းကတော့ ဒီနှစ်က မြစ်ရေကလည်း အင်းအိုင်တွေထဲမှာ
အဝင်နည်းတဲ့ အခါကျတော့ ငါးထွက်ရှိမှုနှုန်းက နည်းတယ်။ချင်းတွင်းမြစ်ရေက
ခန္တီးဖက်မှာ နှစ်ကြိမ် သုံးကြိမ်လောက်ကို စိုးရိမ်ရေမှတ် ရောက်မှ ငါးက
ပေါတာ။အခုက စိုးရိမ်ရေမှတ်က ဒီနှစ်က တစ်ကြိမ်လေးပဲ ရောက်တဲ့ အခါကျတော့
မြစ်ထဲမှာ ရှိတဲ့ ငါးတွေက အင်းထဲမှာ ကြာကြာမနေရတဲ့ အခါကျတော့
ငါးရှားသွားတယ်” ဟု ဟုမ္မလင်းမြို့နယ် နောင်ကမ်းနား အင်းသူကြီး
ဦးမောင်ငွေ က ပြောသည်။
ငြိမ်းသူမင်း