မေ ၃၊ ၂၀၂၀
မြန်မာ-အိန္ဒိယ နယ်စပ်ဂိတ် ဖြစ်သည့် ချင်းပြည်နယ် ရိခေါ်ဒါရ်မြို့ နှင့်
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ဇိုခေါထာရ် ကျေးရွာ အကြားရှိ နှစ်နိုင်ငံ
နယ်စပ်ဂိတ် ကို ပိတ်ထားသည်မှာ ရက်ပေါင်း ၄၀ ကျော် ကြာလာပြီ ဖြစ်သည့်အတွက်
ဂိုထောင်များတွင် သိုလှောင်ထားသည့် ကွမ်းသီးများ
ပိုးထိုးပျက်စီးခြင်းများနှင့် ကြုံတွေ့နေရကြောင်း ရိခေါ်ဒါရ်နယ်စပ်
ကွမ်းသီးကုန်သည်များ က ပြောသည်။
ကမ္ဘာ့ကပ်ရောဂါ COVID-19 ရောဂါ ဖြစ်ပွားပြီးနောက် မြန်မာ-အိန္ဒိယ
နယ်စပ်ဂိတ် ဖြစ်သည့် ရိခေါ်ဒါရ်နယ်စပ် ဂိတ်ကို အိန္ဒိယနိုင်ငံဖက် မှ မတ်လ
မှ စတင် ပိတ်ထားခဲ့ခြင်းဖြစ်သည်။ယင်းသို့ ပိတ်ထားခြင်းကြောင့်
အိန္ဒိယနိုင်ငံ သို့ နယ်စပ် မှ အဓိက တင်ပို့သည့် ကုန်စည်ဖြစ်သည့်
ကွမ်းသီးအိတ်ပေါင်း သောင်းချီ နယ်စပ် ရိခေါ်ဒါရ်မြို့တွင်
ပိတ်မိသွားခဲ့သည်။ပိတ်မိနေသည့် ကွမ်းသီးများသည် များပြားသဖြင့်
ဂိုထောင်များတွင် မဆံ့ခြင်းကြောင့် အပြင်တွင် မိုးကာများဖြင့်
အုပ်ထားခဲ့ရသည်။အဆိုပါ ကွမ်းသီးများသည် သိုလှောင်မှု ကြာလာသည်နှင့် အမျှ
မိုးရွာပြီး ရေစိုခြင်းကြောင့် ကွမ်းသီးပိုးများ ထိုးပြီး ပျက်စီးမှုများ
ရှိလာသည် ဟု ရိခေါ်ဒါရ်မြို့မှ ကွမ်းသီးကုန်သည် တစ်ဦး ဖြစ်သည့် ဦးကျီသဲ က
ပြောသည်။
၎င်းက “မေလ ပိုင်းမှာ မထွက်နိုင်ဘူး ဆိုရင် ကုန်သည်တွေ အကုန်
နစ်နာဆုံးရှုံးမယ်။ဘာလို့လဲ ဆိုတော့ ကွမ်းသီးက ကုန်ချိန်လဲ
လျော့မယ်။ဂိုထောင်မှာလည်း ပိုးတွေက စား အဲ့လို ဖြစ်တဲ့အခါကျတော့
နစ်နာဆုံးရှုံးမှု များမယ်။ဂိုထောင်ခ က အစ ဆုံးရှုံးနေကြတယ်”ဟု ပြောသည်။
အိန္ဒိယနိုင်ငံသို့ နယ်စပ်မှ တင်ပို့မည့် ကွမ်းသီးများ ကို
ရိခေါ်ဒါရ်မြို့ရှိ ဂိုထောင်များတွင် သိုလှောင်ထားကြပြီး ဂိုထောင်ငှားခ
အနေဖြင့် လပြတ် ငှားနိုင်သူများသည် ဂိုထောင်တစ်လုံးလျင် ငွေကျပ် ၇ သိန်း
နီးပါး ငှားခပေးရပြီး အရင်းအနှီးနည်းသည့်သူများသည် ဂိုထောင်ငှားခ
ကွမ်းသီးတစ်အိတ်လျင် တစ်ရက် ငွေကျပ် ၂၀၀ ပေးချေရသည်။ကွမ်းသီး တင်ပို့မှု
ရပ်ဆိုင်းထားသည်မှာ ရက်ပေါင်းများစွာ ကြာမြင့်သည့် အခါ ဂိုထောင်ငှားခ မှ
အိတ်စိုက်ပေးနေရသဖြင့် ကွမ်းသီးကုန်သည်များ
အခက်ကြုံနေရခြင်းဖြစ်သည်။ယင်းအပြင် အဆိုပါ ကွမ်းသီးကုန်သည်များကို
အမီပြု၍ ကုန်တင်ကုန်ချ လုပ်ငန်းလုပ်ကိုင်ကြသည့် ရိခေါ်ဒါရ်မြို့မှ
လုပ်သား ၄၀၀ ကျော်မှာလည်း အလုပ်လက်မဲ့ ဖြစ်နေကြရပြီး
စားနပ်ရိက္ခာပြတ်လပ်မှုများနှင့် ကြုံတွေ့နေရကြောင်း
ကုန်တင်ကုန်ချလုပ်ငန်းကြီးကြပ်ရေးကော်မတီ (ရိခေါ်ဒါရ်မြို့)မှစုံစမ်း
သိရသည်။
ငြိမ်းသူမင်း

By admin