ငြိမ်းသူမင်း
မေ ၁၇၊ ၂၀၂၀
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် မကွေးတိုင်းမှ လာရောက်သဖြင့် Quarantine ဝင်နေသည့် အမျိုးသမီးတစ်ဦး ကို Quarantine စင်တာ တွင် လက်ထပ် ပေးခဲ့ရသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း ထန်တောရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးညိုဝင်း က ပြောသည်။
မေလ ၁၇ ရက်နေ့ နံနက်ပိုင်း တွင် Quarantine စင်တာ တွင် လက်ထပ်ပေးခဲ့သူ အမျိုးသမီးမှာ မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် မှ လာရောက်သူဖြစ်ပြီး သတိုးသား မှာ မုံရွာမြို့နယ် ထန်တောရပ်ကွက် တွင် နေထိုင်သူဖြစ်သည်။ဖြစ်စဉ်မှာ မကွေးတိုင်းပေါက်မြို့နယ်တွင် နေထိုင်သူ မဇာခြည်လင်း အား မုံရွာမြို့ ထန်တောရပ်ကွက်နေ သားဖြစ်သူ ကိုဝေဖြိုးအောင် နှင့် လက်ထပ်ပေးရန် အတွက် မုံရွာမြို့သို့ ခေါ်ဆောင်လာခဲ့စဉ် တိုင်းခြားမှ ပြန်လာသူဖြစ်သဖြင့် ကိုဝေဖြိုးအောင် ၏ ဖခင်ဖြစ်သူ ၊မဇာခြည်လင်း နှင့် မဇာခြည်လင်း ၏ အုပ်ထိန်းသူတို့ သုံးဦး ကို မုံရွာမြို့ ထန်တောရပ်ကွက်ရှိ စာသင်ကျောင်း Quarantine စင်တာ တွင် မတ်လ ၇ ရက်နေ့က ၂၁ ရက် Quarantine စင်တာ အဖြစ် ထားရှိခဲ့သည်။ယင်းသို့ ထားရှိစဉ် မေလ ၁၇ ရက်နေ့ သည် ရက်ကောင်းရက်မြတ်ဖြစ်သည့်အတွက် ၎င်းတို့နှစ်ဦးအား လက်ထပ်စာချုပ်တွင် သဘောတူ လက်မှတ်ထိုးရန် Quarantine စင်တာမှ တာဝန်ရှိသူများကို ပြောကြားခဲ့သဖြင့် လက်ထပ်စာချုပ်တွင် လက်မှတ်ထိုးပေးခဲ့ခြင်း ဖြစ်ကြောင်း အုပ်ချုပ်ရေးမှူး ဦးညိုဝင်း ၏ ပြောကြားချက် အရသိရသည်။
၎င်း က “မုံရွာရောက်ရင် စေ့စပ်ပွဲ လုပ်ပြီး ပေးစားမလို့ ခေါ်လာတာ။ဒါပေမယ့် မကွေးတိုင်း က တိုင်းကျော် ပြည်ကျော်ဆိုရင် Quarantine ချရတာကို၊အဲ့ဒီမှာ သတို့သား အဖေရော သတိုးသမီး ရော သတိုးသမီး အမ ရော အကုန်လုံးကို Quarantine ချပစ်တာ၊အဲ့တော့ Quarantine ကျတော့ လုပ်မရဘူး။လုပ်မရတဲ့ အခါကျတော့ ဒီနေ့ ရက်ကောင်းလို့ပါ လက်ထပ်စာချုပ် ချုပ်ပေးပါ အဆင်ပြေလား ဆိုလို့ လက်ထပ်စာချုပ် ဒီနေ့ ချုပ်ပေးလိုက်တာ။ဒါပေမယ့် သတိုးသားက Quarantine မဝင်ရတဲ့ အခါကျတော့ အတူနေလို့ မရဘူး။လက်ထပ်စာချုပ် ချုပ်တာပဲ ရှိတာပါ”ဟု ပြောသည်။
သတိုးသမီး တွင် မိခင် ဖခင် မရှိတော့ပဲ အမ ဖြစ်သူနှင့် နေထိုင်သူဖြစ်ကြောင်း သတို့သား ၏ ဖခင်ဖြစ်သူ သည် မကွေးတိုင်း သို့ သွားရောက် အလုပ်လုပ်ကိုင်စဉ် မိန်းကလေး နှင့် ၎င်း၏ သားကို လက်ထပ်ပေးရန် သဘောတူသဖြင့် မိန်းကလေးနှင့် မိန်းကလေး ၏ အုပ်ထိန်းသူ အမ ကို ခေါ်ဆောင်လာကြောင်း Quarantine ဝင်နေသည့် ၎င်းတို့ သုံးဦး သည် မေလ ၂၈ ရက်နေ့တွင် Quarantine ၂၁ ရက် ပြည့်မည် ဖြစ်ကြောင်း ထန်တောရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
ငြိမ်းသူမင်း