မန္တလေး သြဂုတ် ၂၉၊ ၂၀၂၀
မန္တလေးမြို့မှာ ပြီးခဲ့တဲ့ ၂၇ရက်နေ့က ကိုဗစ်အတည်ပြုလူနာ တွေ့ရှိခဲ့တာကြောင့် မန္တလေးတစ်တိုင်းလုံးမှာ ရခိုင်ပြည်နယ်က ပြောင်းလာတဲ့ ဝန်ထမ်းအားလုံးကို နှာခေါင်း၊ အာခေါင် တို့ဖက်တွေ ယူပြီး စစ်ဆေးသွားမယ်လို့ တိုင်းအစိုးရ အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
သြဂုတ် လ ၁၀ရက်နေ့နောက်ပိုင်း ရခိုင်ပြည်နယ်ကနေပြောင်းလာတဲ့ ဝန်ထမ်းအားလုံးကို နှာခေါင်း၊ အာခေါင် တို့ဖက်တွေယူမှာဖြစ်တယ်လို့ဆိုပါတယ်။
မန္တလေးမြို့မှာ ပြီးခဲ့တဲ့ ဇွန်လ ၂ရက်နေ့က ပထမဦးဆုံး ကိုဗစ်လူနာကို စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ၃လလောက်ကြာမြင့်မှ အခု လူနာကေ့စ် ၅၈၇ ကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ သည်လူနာဟာ ရခိုင်ပြည်နယ်ကနေ မန္တလေးမြို့ကို စခန်းမှူးသင်တန်းလာတက်တဲ့ ရဲအရာရှိတစ်ယောက်ဖြစ်တယ်လို့သိရပါတယ်။
၎င်းရဲ့ လာရောက်တဲ့ခရီးစဉ်နဲ့ သူနဲ့ဆက်စက်တဲ့ လူတွေကို နှာခေါင်း၊အာခေါင်တို့ဖက်တွေယူစစ်ဆေးသွားမယ်လို့ မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင် ကပြောပါတယ်။
“အခုတွေ့တဲ့ အရာရှိအနေနဲ့က သူက ၁၉ ရက်နေ့ကတည်းက စစ်တွေကနေ ရန်ကုန်ကို လေယဉ်နဲ့လာတယ်ပေါ့နော် ရန်ကုန်ကနေမှ သူ့ရဲ့အမျိုးသမီးရှိတဲ့ မင်းလှ ဆိုတဲ့စစ်ကွင်းကိုသူသွားတယ် စစ်ကွင်းမှာ ၃ညလောက်နေတယ် နေပြီးတော့ ၂၂ရက်နေ့ ရန်ကုန်ကိုပြန်လာတယ် ။ ရန်ကုန်ကနေ ၂၂ရက်နေ့ည မန္တလာမင်းကားနဲ့တစ်ခါ မန္တလေးကိုပြန်လာတော့ မန္တလေး ကိုတော့ ၂၃ရက်နေ့က ရောက်တယ်ပေါ့နော် အဲ့ဒါက အခုလက်ရှိ။ အဲ့တော့သူနဲ့ ဆက်စပ်တဲ့ဟာတွေတော့ contact Tracing အဲ့ဒါတွေတော့ လိုက်နေတယ်ပေါ့နော် အဲ့တော့ မန္တလေးတိုင်းဒေသကြီးအစိုးရအနေနဲ့ကတော့ ဒီလ ၁၀ရက်နေ့နောက်ပိုင်း မန္တလေးတိုင်းတစ်တိုင်းလုံးမှာ ရခိုင်ပြည်နယ်ကနေ ပြောင်း လာတဲ့ ဝန်ထမ်းတွေ အားလုံးကို swabယူမယ် အဲ့ဒါတစ်ချက်ပေါ့နော်” လို့ မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင် ကပြောပါတယ်။
ရခိုင်ပြည်နယ်ကလာတဲ့ သူတွေကို သီးခြားအဆောင်မှာ ထားရှိထားတာဖြစ်ပြီး ၇ယောက်ကိုစစ်လိုက်တဲ့အချိန်မှာတော့ အတည်ပြုလူနာ တစ်ယောက်တွေ့ရှိတာဖြစ်တယ်လို့ဆိုပါတယ်။
အတည်ပြုလူနာကို မန္တလေးမြို့ ကန်တော်နဒီဆေးရုံကို ပို့ဆောင်ထားပြီး ၎င်းနဲ့ဆက်စပ်နေတဲ့ သင်တန်းဆရာတွေ၊ အုပ်ချုပ်ရေးမှူးတွေ၊ သင်တန်းအတူတက်ရောက်တဲ့ တခြားအရာရှိဝန်ထမ်း ၉၅ဦး အားလုံးပေါင်း ၁၁၉ဦး ကို စစ်ဆေးမယ်လို့ ၂၈ ရက်နေ့ ညနေပိုင်းက ဝန်ကြီးကပြောပါတယ်။
“အခု မန္တလေးမှာတော့ဟိုဟာပေါ့ ပြီးခဲ့တဲ့ ဇွန်လ ၂ရက်နေ့ နောက်ပိုင်းပေါ့နော် ဇွန်လ ၂ရက်နေ့ ဖြစ်တဲ့ဟာက ကေ့စ် နံပါတ် ၃၃၈ပေါ့နော် အဲ့ကနေပြီးတော့မှ ၂လကျော် ၃လနီးပါး မနေ့ကမှ စပြီးပြန်တွေ့တယ် တွေ့တဲ့ ကေ့စ်က ၅၈၇ပေါ့နော် အခုတွေ့တာကတော့ စခန်းမှုးသင်တန်းလာတက်တဲ့ ရဲအရာရှိတယောက်ပေါ့နော် အဲ့ဒါမနေ့မနက်က သူတို့ကတော့ ရခိုင်ပြည်ကနေလာပြီးတော့မှ ရဲသင်တန်းကျောင်းမှာ စခန်းမှူးသင်တန်းလာတက်တယ် သူတို့က လာကတည်းကိုက သူုတို့ ရခိုင်ပြည်ကနေ လာ တယ်ဆိုတော့ သူတို့ကို သီးခြားအဆောင်မှာ ထားတယ်လို့ပြောတယ် အဲ့ဒီကနေပြီးတော့ သူတို့ ၇ယောက်ကို သူတို့ ၁အုပ်စုတည်း one package တစ်ခုပေါ့နော် အဲ့ ၇ယောက်ကို စစ်လိုက်တဲ့အချိန်မှာ မနေ့က Positive တွေ့တော့တယ်ပေါ့ တွေ့တော့တဲ့အပေါ်မှာ အဲ့ဒီလူနာ နံပါတ် ၅၈၇ ကတော့မနေ့က ကတည်းက ကန်တော်နဒီကိုပို့လိုက်ပြီပေါ့နော် အဲ့တော့ သူတို့နဲ့ သင်တန်းအတူတူတက်တဲ့ သင်တန်းသားကို မစစ်ရသေးတဲ့တစ်ယောက်ရယ်။ နောက်တခါ သင်တန်းဆရာတို့ နောက် အုပ်ချုပ်ရေးမှူးတို့ က အရာရှိတွေနဲ့ ဝန်ထမ်းတွေနဲ့အားလုံး ၉၅ယောက်ရယ် နောက်ထပ် ၂၄ယောက်ရယ်ပေါင်းလိုက်ရင် ၁၁၉ယောက်ကို ဒီနေ့စစ်မယ် ဒီနေ့ swab ယူထားပြီး ပြီ ယူထားပြီဆိုတော့ ဒါက ဒီနေ့ ညနေပိုင်းလောက် သိနိုင်မလားဆိုတာကတော့ အဲ့ဒီတစ်ချက်ရှိတာပေါ့ “ လို့ ဦးစိုင်းပန်းဆိုင် ကပြောပါတယ်။
လက်ရှိမှာတော့ ရခိုင်ပြည်နယ်ကနေ မန္တလေးကို လာရောက်တဲ့ခရီးသည်တွေ ကိုအသွားအလာကန့်သတ်ကြည့်ရှုထားပြီး Quarantine ထားရှိထားတယ်လို့ သိရပါတယ်။ Quarantine အနေနဲ့ ရခိုင်ပြည်နယ်က လာရောက်သူ ၊ ပြည်မကနေ ရခိုင်ကိုအလုပ်သွားလုပ်ပြီးပြန်လာတဲ့သူတွေကို သံဃာ့ဆေးရုံမှာ သြဂုတ်လ ၂၈ရက်နေ့အထိ အမျိုးသား ၅၁ယောက်နဲ့ အမျိုးသမီး ၅ဦး အားလုံးပေါင်း ၅၆ဦးးကို သီးသန့်ထားရှိထားတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ် ကနေ မန္တလေးကို ပြေးဆွဲနေတဲ့ ယာဉ်လိုင်းပြေးဆွဲမှုတွေကိုလည်း ရောဂါကူးစက်မှုထိန်းချုပ်နိုင်ဖို့ ခတ္တရပ်နားထားတယ်လို့ ရွှေလမင်း မန္တလေး-စစ်တွေ ဂိတ်တာဝန်ခံကပြောပါတယ်။